
တောင်ကြီး ဇူလိုင်-၃၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့လိုက်ပါလျက် ဇူလိုင်(၃၁)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံရှေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံ ဝန်ထမ်း (အငြိမ်းစား) ပင်စင်စားများအား (၁)ဦးကို (၁)လလျှင် စားအုန်းဆီတစ်ပိဿာခွဲနှင့် ဆန်(၆)ပြည်နှုန်းဖြင့် ပင်စင်ထုတ်ရက်အတွင်း ရောင်းချပေးနေမှုနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကြက်ဥရောင်းချပေးနေမှုကိုကြည့်ရှု၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများအားမှာကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားများကို ဆန်၊ဆီတို့ကို လစဥ်ရောင်းချပေးလျက်ရှိပြီး လစဥ်ဆီတစ်ပိဿာခွဲနှင့် ဆန်(၆)ပြည်ကို ဇူလိုင်လ (၂၁)ရက်မှ စတင်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ထို့နောက် တောင်ကြီးတက္ကသိုလ်၂၀၂၅-၂၀၂၆ပညာသင်နှစ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ ဗိုလ်လုပွဲစဥ် အဖြစ် သင်္ချာဘာသာရပ်အသင်းနှင့် ဘူမိဗေဒဘာသာရပ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ဘူမိဗေဒဘာသာရပ်အသင်းက ငါးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားပြီး အဆိုပါဖူဆယ်ပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊တက္ကသိုလ်ဆရာ၊ဆရာမများ၊ ဘာသာရပ်အလိုက် ကျောင်းသား၊ကျောင်းသူများ၊ အားကစားဝါသနာရှင်များကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက်ဆုချီးမြှင့်ပွဲ ကျင်းပရာပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကြက်ခြေနီအသင်းအား အမှတ်တရလက်ဆောင်များကို တောင်ကြီးတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ကလည်းကောင်း၊ ပွဲစဥ်တစ်လျှောက်အကောင်းဆုံးဂိုးသမားဆု၊ ပွဲစဥ်တစ်လျှောက်အကောင်းဆုံးဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုကို တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်ကလည်းကောင်း၊ တတိယဆုရရှိသော ဓာတုဗေဒဘာသာရပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ကလည်းကောင်း၊ ငွေသားဆုကို ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသော သင်္ချာဘာသာရပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ငွေသားဆု ကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လည်းကောင်း၊ ပထမဆုရရှိသည့် ဘူမိဗေဒဘာသာရပ် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပထမဆုရရှိသည့် ဘူမိဗေဒဘာသာရပ် အသင်းငွေသားဆု၊ ဆုဖလားချီးမြှင့်ပေးအပ်ပြီး တောင်ကြီးတက္ကသိုလ်အတွင်းရှိ မိုးရေကန်ဘောင်များပေါ်တွင် အပန်းဖြေအနားယူနိုင်ရန် ရောင်စုံထိုင်ခုံများပြုလုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပံ့ပိုးငွေပေးအပ်ရာ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်မှလက်ခံရယူကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး