
တောင်ကြီး ဇူလိုင်-၃၁
တောင်ကြီးမြို့အတွင်းရှိ ယာဥ်ကြောပိတ်ဆို့မှုများအား ထိရောက်စွာလျော့ချနိုင်ရန်နှင့် ယာဥ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ဇူလိုင်(၃၁)ရက်မွန်းလွဲ(၁) နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ M4 MEGA ကုမ္ပဏီမှ တောင်ကြီးမြို့ရှောင်လမ်းဘေးဧရိယာ ဧက ( ၂၀ )ပေါ်တွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ၁၀၀%ဖြင့် ကုန်တင်ယာဥ်ကြီးများရပ်နားစခန်း တည်ဆောက်ရန်အတွက် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လာရောက် ရှင်းလင်းတင်ပြကြောင်းသိရသည်။
ဦးစွာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဥ်း၍ လည်းကောင်း၊ M4 MEGA ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက တောင်ကြီးမြို့ရှောင်လမ်းဘေး ဧရိယာ ဧက (၂၀) ပေါ်တွင် ကုန်တင်ယာဥ်ကြီးများရပ်နားစခန်း ဆောင်ရွက်မည့်အဆောက်အဦပုံစံများကို လည်းကောင်း၊ စီမံကိန်းအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့်အညီ ဆောင်ရွက်လိုက်ပါရသည့်အတွက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများက ကုမ္ပဏီ၏ရှင်းလင်းတင်ပြချက်များအပေါ် အကြံပြုဆွေးနွေးပေးကြရန်ပြောကြား သည်။
ဆက်လက်၍ တက်ရောက်လာကြသည့်သက်ဆိုင် ရာဌာနများမှ လုပ်ငန်းများနှင့်စပ်လျဥ်း၍ အကြံပြုဆွေးနွေးကြပြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ကုန်တင်ယာဥ်ကြီးများရပ်နားစခန်း တည်ဆောက်ရာတွင် ဆောင်ရွက်ရမည့် အချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး