တောင်ကြီး ဇူလိုင်-၂၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်(၂၉) ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေး၊ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက် တောင်ကြီးမြို့၊ ပြည်ထောင်စုလမ်းမကြီးမှ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးဘုရားအဝင် အတက်လမ်းတွင် ပြည်နယ်စည်ပင်သာယာရေးဌာနနှင့် စိန်နှင်းဆီကုမ္ပဏီတို့ပူးပေါင်း၍ ဆောင်ရွက်သည့် AC နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် လမ်းလည်မျဥ်း ဆေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးဂိတ် ခြံစည်းရိုးအုတ်တံတိုင်းအား သံချောင်းများ တပ်ဆင်ပြီးစီးပါက ဆေးအဖြူရောင်သုတ်ပေးရန်နှင့် ရေရှည်ခံသည့် ဆေးများကိုအသုံးပြုရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘုန်းပွင့်ဘုရားအတက်လမ်းဘေးရှိ မြေထိန်းနံရံ အပေါ်လွှာ အချောသတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကားလမ်းပေါ်ဖြတ်၍ စီးဆင်းနေသောရေများ လမ်းဘေးပခုံးသားများရေတိုက်စားမှု မရှိစေရန်အတွက် ကွန်ကရစ်ရေနုတ်မြောင်းများ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ရွှေဘုန်းပွင့်ဘုရား အဆင်းလမ်း(4.4)ကီလိုမီတာနှင့် (5.2)ကီလိုမီတာကြား လမ်းတိုးချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်း ကျင်းပြီးစီးမှု အခြေအနေအား သွားကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က AC နိုင်လွန်ကတ္တရာလမ်းကို အကျယ် (၁၈)ပေ အထိ ဆောင်ရွက်ပြီးစီးမှုအပေါ်တွင် ကျန်ရှိနေသေးသည့် လမ်းပခုံး နှစ်ဘက်ကို ကွန်ကရစ်လောင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ရေထွက်ဦးလမ်း (နေလလမ်းမှ ပညာဗောတိကျောင်းသွားလမ်းဆုံထိ) AC လမ်းခင်းခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လည်းကောင်း၊ လမ်းနယ်ချဲ့ခြင်းလုပ်ငန်းများ၊ အခြေခံလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် လမ်းပခုံးနှစ်ဘက် ကွန်ကရစ်လောင်းခင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်(၃)အား သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးမှ ဂနိုင်ကန်(၃)အတွင်း ရေစီးဝင်သည့်ချောင်းအား လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရေချောင်းများ ရေရှည်ခိုင်ခံ့အောင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရေကန်များအနံ မရှိစေရန် သက်ဆိုင်သည့် အနံပျောက်ဆေးရည်များ အသုံးပြုပေးရန် သက်ဆိုင်ရာဌာနအား ဖြည့်စွက်မှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးတက္ကသိုလ် ရေစုကန်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကန်ပတ်လည်တွင် အပန်းဖြေအနားယူနိုင်ရေး ရောင်စုံထိုင်ခုံများ ထားရှိပေးရန် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး