
တောင်ကြီး ဇူလိုင်-၂၄
တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားကဏ္ဍသည် ဒွန်တွဲနေပြီး အားကစားမှသည် စိတ်ဓါတ်ခိုင်မာမှု၊ စည်းကမ်းရှိမှုနှင့်အချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိစေရန် ရည်မှန်း၍ကျင်းပခဲ့သည့် ၂၀၂၅ခုနှစ် ရှမ်း ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်အသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲဆုချီးမြှင့်ခြင်းနှင့် ရှမ်းပြည်နယ် ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို ဇူလိုင်(၂၄)ရက်ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ် ပြိုင်ပွဲဗိုလ်လုပွဲကို တောင်ကြီးမြို့နယ်အသင်းနှင့် ညောင်ရွှေမြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ တောင်ကြီးမြို့နယ်အသင်းက သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားကြောင်းသိရသည်။
အဆိုပါ ဖူဆယ်ယှဥ်ပြိုင်ပွဲကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ သင်တန်းသား၊ သင်တန်းသူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ အကောင်းဆုံး ဂိုးသမားဆုရရှိသူ အားကစားသမားကို ဆုတံဆိပ်နှင့်ငွေသားဆု၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအားကစားသမား ဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက လည်းကောင်း၊ ဖူဆယ်ပြိုင်ပွဲ ပူးတွဲတတိယဆုရရှိကြသော မိုင်းဖြတ်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လည်းကောင်း၊ ငွေသားဆုကို ပြည်နယ်လူမှုရေးရာဝန်ကြီးက လည်းကောင်း၊ ရပ်စောက်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လည်းကောင်း၊ ငွေသားဆုကို ပြည်နယ်စီးပွားရေးရာဝန်ကြီးက လည်းကောင်း၊ ဒုတိယဆုရရှိသော ညောင်ရွှေမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က လည်းကောင်း ချီးမြင့်ပေးအပ်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပထမဆုရရှိသော တောင်ကြီးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလား၊ ဆုရရှိခဲ့ကြသည့်(၄)သင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆောင်းငွေများကို ချီးမြှင့်ပေးကြကြောင်း သိရှိရသည်။
ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် ပိုက်ကျော်ခြင်း အမျိုးသား၊ အမျိုးသမီးအသင်းတို့မှ တစ်ဦးချင်းမိတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လမ်းညွှန်အမှာစကားပြောကြားရာ ၂၀၂၅ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ပြိုင်ပွဲကျင်းပရေးမှ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများအတိုင်း စည်းကမ်းတကျ၊ စနစ်တကျရှိစွာဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်၊ မိမိအသင်းအောင်မြင်မှုရရှိစေရန် တရားသဖြင့်ယှဥ်ပြိုင်နိုင်အောင် ကြိုးပမ်းဆိုသည့်စိတ်ဖြင့် ကြိုးစားယှဥ်ပြိုင်သွားကြရန်၊ အနိုင်အရှုံးသည်ပဓါန၊ ယှဥ်ပြိုင်ခြင်းသည်အဓိက ဆိုသောအားကစားစိတ်ဓါတ်ကိုလည်း အမြဲထားရှိကြရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရှမ်းပြည်နယ် ပိုက်ကျော်ခြင်းအသင်းအနေဖြင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ မိမိပြည်နယ်အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ကြရန် အထူးမှာကြားလိုကြောင်း ပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ရှမ်းပြည်နယ်လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံနှင့် စားစရိတ်ငွေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ အသင်းအုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများမှ လက်ခံရယူကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး