
ကျောက်တလုံးကြီး ဇူလိုင် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ ကျောက်တလုံးကြီးမြို့ရှိလူနေအိမ်များတွင် ဂေါ်ရခါးပင်များကို စင်ထိုး၍ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိပြီး ယခုအခါတွင် ဂေါ်ရခါးသီးများ အထွက်နှုန်းကောင်းမွန်သည့် အတွက် ခူးယူရောင်ချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
စိုက်ပျိုးထားသောဂေါ်ရခါးသီးပင်များမှာ သဘာဝမြေဩဇာကိုသာ အသုံးပြုခြင်းကြောင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး လူကြိုက်များသည့်သီးနှံဖြစ်သကဲ့သို့ ကြော်စား၍သော်လည်းကောင်း၊ ပြုတ်စား၍သော်လည်းကောင်း၊ ဟင်းချိုအဖြစ်ချက်ရာတွင်လည်းကောင်းအသုံးပြုကြသည့်အပြင် ဒေသအတွင်းရှိ စားသောက်ဆိုင်များတွင်လည်း အဓိကအသုံးပြုကြသည့်အတွက် ရောင်းအား ကောင်းလျက်ရှိကြောင်းသိရသည်။
ဂေါ်ရခါးသီးများကို မိသားစုမီးဖိုချောင်စရိတ်သက်သာရေးအတွက် အိမ်တွင်စားသုံးကြ သကဲ့သို့ ဈေးနှင့် စားသောက်ဆိုင်များသို့ ရောင်းချရာတွင် တစ်ပိဿာလျှင်ကျပ် (၇၀၀) မှ (၁၀၀၀) အထိရရှိကြောင်းနှင့် ဂေါ်ရခါးပင်များသည် ရာသီမရွေးစိုက်ပျိုးနိုင်သောကြောင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း ဂေါ်ရခါးပင်စိုက်ပျိုးသူ ဒေါ်နန်းစွဲထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး