
ပင်းတယ ဇူလိုင် ၂၈
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဇူလိုင် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ရေကြီးရေလျှံမှုများကြောင့် ကားလမ်းများ ရေကျော်ခြင်း တံတားများကျိုးကျပျက်စီးခြင်းနှင့် တောင်ကျရေများစီးဝင်မှု ကြောင့်လူနေအိမ်အချို့မျှောပါခြင်း များဖြစ်ပေါ်ခဲ့ရာ ထိခိုက်ပျက်စီးမှုများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဇူလိုင်လ၂၈ရက် နံနက်ပိုင်းတွင်ကွင်းဆင်းကြည့်ရှု့ ခဲ့ကြကြောင်း သိရ သည်။
ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင်ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား တောင်ပေါ်ရှိ ကြေးတွင်းကုန်း ကျေးရွာလမ်းခွဲအနီး တောင်နံရံပြိုကျမှုကြောင့် ဈေးဆိုင်ခန်းအချို့ ပျက်စီးခြင်းများဖြစ်ပေါ်ခြင်း သမိုင်းဝင်ပုန်းတလုတ်ရေကန် ရေဝင်ပေါက်နှင့် ရေထွက်ရေလွှဲပေါက်များ ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ရန်အတွက် လမ်းညွှန်မှာကြားခဲ့ပြီး ဆက်လက်၍ တပ်ကြီးကျေးရွာ ကျေးရွာခြင်းဆက် တံတား ရေကျော်နေမှုနှင့် ပင်းတယ-ရပ်စောက်သွားလမ်းပေါ်ရှိ မိုင်းအင်တံတား ရေကျော်နေမှုများကို သွားရောက်ကြည့်ရှုကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနမှ တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်
အဆိုပါ မိုးရွာသွန်းမှုကြောင့် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းကျေးရွာတွင် လူနေအိမ်အချို့ ပြိုကျပျက်စီးခြင်း လူ(၅)ဦး ထိခိုက်သေဆုံးခြင်းနှင့်တစ်ဦးထိခိုက် ဒဏ်ရာရခြင်း(မစိုးရိမ်ရ) နှင့် သဘာဝဘေးကြောင့်စိုးရိမ်ရသည့် ကျေးရွာများမှ စာသင်ကျောင်းအချို့ကိုလည်း ယာယီပိတ် ထားကြောင်းသိရှိရပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များကို ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး