ဟိုပုံး ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်ရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး အမှိုက်များစနစ်တကျ စွန့်ပစ်ကြရန် အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်သတ်မှတ်၍ ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဉာဏ်လင်းမောင်က အမှိုက်သိမ်းယာဉ်များပေါ်သို့ စနစ်တကျစွန့်ပစ်ကြရန်၊ အမှိုက်ခွဲခြားစွန့်ပစ်တတ်သည့် အလေ့အကျင့် ကောင်းများရရှိရေးနှင့် အမှိုက်အမျိုးအစားအလိုက် အရောင်ဖြင့်ခွဲခြားထားသည့် အမှိုက်ပုံးများ ထားရှိခြင်းကို တာဝန်ခံအင်ဂျင်နီယာ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းဦးက အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးသန့်ရှင်းရေး ပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ အမှိုက် ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့်စွန့်ပစ်ပစ္စည်း များအတွက် အဝါရောင်အမှိုက်ပုံးတွင် လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စ တစ်သုံးပစ္စည်းများအား အပြာရောင် အမှိုက်ပုံးတွင်လည်းကောင်း၊ အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက် ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတုစွန့်ပစ်ပစ္စည်းများအစရှိသည့် ဘေးအန္တရာယ်ရှိ အမှိုက်များအတွက် အနီရောင် အမှိုက်ပုံးတွင် လည်းကောင်း စွန့်ပစ်ရမည်ဖြစ်ကြောင်း အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမ များအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပြီးနောက် အမှိုက်များ ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး