
ပင်းတယ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာအုပ်စု၊ ပေါစံသီးကျေးရွာတွင် ရှမ်းပြည်နယ်အစိုးရမှ စိုက်ပျိုးရေးဆိုင်ရာသွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်၊ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉) ရပ်နှင့်အညီ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ပြည်တွင်းစားသုံးဆီ ဖူလုံရေးတို့အတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စပါးသီးနှံသည် နိုင်ငံ့ဝမ်းစာဖြစ်သည့်အတွက် စပါးသီးနှံ အထွက်နှုန်းကောင်းမွန် စေရန် စပါးမျိုးစေ့ထုတ်လုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ ပန်းတိုင် အထွက်နှုန်းရရှိရေး စံပြကွက်များ၊ ကိုယ့်မျိုးကိုယ်ထားခေါင်နှံပွား စသည့်လုပ်ငန်းများ ဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စုစုပေါင်း စပါးစိုက်ဧက (၂၄၅၄၈)ဧကရှိပြီး၊ လယ်စပါးစိုက်ဧက မှာ (၇၇၈၀) ဧကနှင့်ယာစပါး(၁၆၃၃၄)ဧက ရှိ၍ လယ်စပါးစိုက်ဧကထက် ယာစပါးစိုက်ဧက ပိုများခြင်းကြောင့် ယာစပါးတစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိရန်လိုအပ်ပါကြောင်း၊ ယာမြေပေါ်တွင် ဒေသစပါးမျိုး များထက် အထွက်ကောင်းမျိုးများ ဖြစ်သော ရွှေရင်အေး၊ ရွှေအပ်စပါးမျိုးများကို ပြောင်းလဲ စိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း မျိုးစေ့၊ မြေဩဇာများကို ပန်းတိုင် အထွက်နှုန်းရရှိစေရန်၊ သွင်းအားစုများ ထည့်သွင်းနိုင်ရန် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနက ချမှတ်ထားသော မျိုး၊ မြေ၊ ရေ၊ နည်း ဟူသည့် အခြေခံ(၄)ချက်ကို ဟန်ချက်ညီညီ ဆောင်ရွက်ရန်နှင့် တစ်ဧက အထွက်နှုန်း ပိုမိုတိုးတက်ကာ ပန်းတိုင်အထွက်နှုန်း ရရှိရန်အတွက် ရည်ရွယ်ပြီး ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင်းရှိ သီးနှံများအထွက်နှုန်း ကောင်းမွန်မှသာ ဒေသတွင်း တောင်သူများအတွက် ဝင်ငွေတိုး ပွားပြီး စားရေရိက္ခာဖူလုံကာလူနေမှုဘဝမြင့်မားလာမည်ဖြစ်၍ တောင်သူများအနေဖြင့် အထွက်နှုန်း တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မော်မော်လွင်က လုပ်ငန်းဆောင်ရွက်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မျိုးစေ့နှင့်မြေဩဇာများကို တောင်သူများထံသို့ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ယာစပါးစိုက်ခင်းတွင် ရွှေရင်အေး အထွက်ကောင်း စပါးမျိုး စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်မှုကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်းမွေးမြူရေးဇုန် ရှင်းလင်းဆောင်သို့ရောက်ရှိပြီး မွေးမြူရေးဇုန်အကောင်အထည်ဖော်ရေးကော်မတီတာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားရာ မွေးမြူရေးဇုန်အကောင်အထည်ဖော်ရေးလုပ်ငန်းများ အချိန်နှင့် တပြေးညီဆောင်ရွက်နိုင်စေရန်၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လုပ်ငန်းပိုမိုထိရောက်စေရေး အလေးအနက်ထားဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များရှိပါက တင်ပြကြရန်ပြောကြားသည်။
ထို့နောက် မြို့နယ်မွေးမြူရေးဇုန်အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထိန်လင်းအောင်ကနန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းကွင်း မွေးမြူရေးဇုန် မြေဧရိယာ ၃၅၇ ဧကအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ချက်အား လည်းကောင်း၊ Myanmar New Power Solar ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအားရှင်းလင်းတင်ပြပြီး လုပ်ငန်းရှင်များမှ တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နွားမျိုးကောင်းမျိုးသန့် ရွေးချယ် မွေးမြူကြရန်၊ နိုင်ငံတော်၏ ရည်မှန်းချက်ပြည့်မီရေး ပူးပေါင်း ဆောင်ရွက်ကြရန်၊ လုပ်ငန်းရှင် များအနေဖြင့် မိမိတို့မွေးမြူမည့် နွားအမျိုးအစား၊ အကောင်အရေ အတွက်၊ အရွယ်အစား စသည်တို့ကို စာရင်းပြုစုတင်ပြကြရန်မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းနှင့် မွေးမြူရေးဇုန်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး