
ဟိုပုံး ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဇူလိုင်လ (၂၁)ရက် နံနက် ၈ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာ စကားပြောကြားရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)သည် မြန်မာနိုင်ငံရှိ ပြည်သူလူထုရဲ့ စာတတ်မြောက်မှုနှုန်းအပေါ်မူတည်၍ တီထွင်ထားခြင်းဖြစ်တာနဲ့အညီ အသုံးပြုရာတွင် လွယ်ကူရိုးရှင်းသောမဲပေးစက်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း မဲပေးစက်နှင့် ပတ်သက်ပြီး မကြာမီအများပြည်သူများထံသို့ ပညာပေးအစီအစဉ်များကို ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ ပညာပေးအစီအစဉ်ဆောင်ရွက်ရာမှာလည်း မီဒီယာများမှတစ်ဆင့်ဆောင်ရွက် ခြင်းအပြင် မဲပေးစက်အား ပြည်သူများအနေဖြင့် လက်တွေ့စမ်းသပ်အသုံးပြုနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း မဲပေးစက် အများအပြားအသုံးပြု နိုင်ရေး စီစဉ်ဆောင်ရွက်ထုတ်လုပ်လျက်ရှိသလို နည်းပညာများတိုးတက်လာသော ခေတ်နှင့်အညီ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများတွင်လည်း အကျိုးကျေးဇူးများလှသည့် အီလက်ထရောနစ် မဲပေးစက်များ အသုံးပြုခြင်းသည် လွတ်လပ်၍ တရားမျှတသော ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲ တစ်ရပ်အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် ကြီးမားသောအထောက်အကူဖြစ်စေမှာ ဧကန်မလွဲပင် ဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သင်တန်းတွင်အသုံးပြုမည့် ထိန်းချုပ်စက်ကိုင်တွယ်သူအတွက် လုပ်ငန်းစဉ်စာအုပ် များကိုပေးအပ်ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား/သင်တန်းသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲ ပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ် ၁၀ ရက်နေ့အထိ (၁၀)ကြိမ်ဖွင့်လှစ်သွားဖြစ်ပြီး တစ်ကြိမ်လျှင် သင်တန်းသားဦးရေ (၆၂)ဦးဖြင့် သင်တန်းကာလနှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ရာ ဟိုပုံးမြို့နယ် အတွင်းရှိ သင်တန်းသား(၆၀၃)ဦးတက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းတွင် MEVM စက်နှင့် ပါဝင်ပစ္စည်းများရှင်းလင်းသရုပ်ပြခြင်း၊ တပ်ဆင်/ဖြုတ်သိမ်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အထွေထွေ ရွေးကောက်ပွဲပြုလုပ်သော မဲရုံမှူးများအား MEVM စက်စစ်ဆေးရာတွင် လုပ်ဆောင်ရမည့်/စိစစ်ရ မည့်အချက်များ၊ စက်ရှိပရင်တာစက္ကူလိပ်တပ်ဆင်ပုံနှင့် လက်ထရီတပ်ဆင်ပုံ၊ မဲပေးစဉ် စက်ချိုယွင်းပါက အရံစက်လဲလှယ်ရမည့်အခြေအနေလမ်းညွှန်၊ မဲပေးစဉ်အတွင်းအရေးပေါ် ကိစ္စများ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲရေတွက်ခြင်းဇယား၊ မဲရလဒ်ထုတ် ယူနည်းဇယား၊ မဲရုံမှူးဖြည့်သွင်းရမည့်ပုံစံများအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး