ညောင်ရွှေ ဇူလိုင်-၁၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ အင်းလေးကန် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ဇူလိုင် (၁၆) ရက်နံနက်(၉)နာရီက ဖောင်တော်ပြန်ရှေ့တွင်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ တာဝန်ရှိသူများက အင်းလေးကန် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးကြကြောင်း သိရှိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲတွင် ငါးမြစ်ချင်း (၇) သောင်း၊ ငါးခုံးမ (၇) သောင်း၊ ငါးကြင်းရွှေဝါ (၆) သောင်းစုစုပေါင်း ငါးကောင်ရေ (၂) သိန်းကို အင်းလေးကန် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးကြကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ညောင်ရွှေမြို့၊ အင်းလေးကန်အတွင်းစီးဝင်သည့် နန်းကပ်ချောင်းရေပြင်တွင်ရေပြင်မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မီးသတ်တပ်ဖွဲ့သည် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်(၄)ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ရေကြီးရေလျှံမှုဖြစ်စဥ်များ၊ မီးလောင် မှုနှင့်အခြားသော ဘေးအန္တရာယ်တစ်စုံတစ်ရာ ကြုံတွေ့ရသည့်အခါ အရေးပေါ်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွယ်ကယ်ဆယ် ရေးစွမ်းရည်များမြှင့်တင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်ခံနိုင်ရည်ရှိသော လူမှုအဖွဲ့အစည်းများ တည်ဆောက်သည့်အခန်းကဏ္ဍတွင် ဘေးအန္တရာယ်အလိုက် ပြည်သူလူထုအား အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ပေးခြင်း၊ အနာဂတ်မှာ သဘာဝဘေးအန္တရာယ်များကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်စေရန်အတွက် စွမ်းရည်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရမှာဖြစ်ပါကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် သတင်း အချက်အလက်များ စုဆောင်းခြင်း၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရင်ဆိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း၊ ထူးခြားရာသီဥတု အခြေအနေ သတင်းများရရှိချိန်တွင် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် စည်းရုံးဆောင်ရွက်ခြင်း၊ သဘာဝဘေး အန္တရာယ် ကျရောက်ချိန် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ချိန်မှာ ပြည်သူများပူးပေါင်းပါဝင်နိုင်စေရန်နှင့် နိုးကြားသည့် အသိစိတ်ဓာတ်ရှိရန် အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်သွားရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွယ်ကယ်ဆယ်ရေးစွမ်းရည်ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြသရာ အင်းလေးဒေသ ရေပေါ်တွင် ဆောက်လုပ်ထားသည့် မီးလောင်လွယ်သော နေအိမ်တစ်လုံး မီးလောင်မှုကို Fire Boat နှစ်စီးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ကယ်ဆယ် ရွေ့ပြောင်းခြင်းအားလည်းကောင်း၊ လှေတိမ်းမှောက်မှု ဖြစ်စဥ်တွင် ရေနစ်သူများအား Assault Boat နှစ်စီးဖြင့် ကယ်ဆယ် ခြင်းအားလည်းကောင်း၊ အင်းလေးကန်အတွင်းရေဆင်းချိုးရာမှ ရေနစ်သူအား Intelligence Lifebuoy ကို အသုံးပြု၍ ရှာဖွယ်ကယ်ဆယ်ရေး ဆောင်ရွက်မှုအားလည်းကောင်း ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ဇာတ်တိုက်လေ့ကျင့်သည့် မီးသတ်တပ်ဖွဲ့ဝင်များက Assault Boat ၊ Fire Boat များဖြင့် ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြသည်။
ယင်းနောက် ရေပြင်မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသ ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ လက်ခံရယူပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်အခမ်းအနားတက်ရောက်လာသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ပြီးခင်းကျင်းပြသထားသောရေပြင်ရှာဖွယ်ကယ်ဆယ် ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများကို ကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ ရွာသာရွာသို့သွားရောက်၍ ရေဝင်ရောက် ပျက်စီးခဲ့သည့် စိုက်ခင်းနေရာအားသွားရောက် ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား မိုးရာသီကာလတွင် ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် စိုက်ခင်းများကို ကူညီဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ပါ ကြောင်း၊ ဆုံးရှုံးမှုများကို ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးနှင့်ဓာတ်မြေသြဇာများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ တောင်သူများမှ မိမိတို့စိုက်ပျိုးလိုသည့် မျိုးစပါးများကို ခွဲခြားတင်ပြပေးရန် လိုအပ်ပါကြောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမဇုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ၏ စိုက်ပျိုးရေ အသုံးချမှုကို ထိန်းသိမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တောင်သူများကလည်းစိုက်ပျိုးရေ အသုံးချမှုတွင် စနစ်တကျရှိရန်နှင့် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းပြောကြားပြီး တောင်သူများ၏ တင်ပြမှုများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး