
တောင်ကြီး ဇူလိုင်-၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အတွင်း အခွန်စည်းကြပ်ကောက်ခံမှု အခွန်ငွေတိုးတက်စေရေးနှင့်စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်(၁၄)ရက်မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မြန်မာနိုင်ငံတွင် အခွန်ကောက်ခံခြင်းကို ပြည်ထောင်စုအစိုးရက ကောက်ခံသည့်အခွန်အခများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရက ကောက်ခံသည် အခွန်အခများနှင့် စည်ပင်သာယာရေးအဖွဲ့အစည်းများက ကောက်ခံသည့်အခွန်အခများဟူ၍ အခွန်အခများကို တာဝန်ယူကောက်ခံလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်က အခွန်ကောက်ခံရာတွင် နိုင်ငံတော် အတွက် အခွန်အပြည့်အဝရရှိစေရေးနှင့် ပြည်သူများအတွက် အခွန်ဆိုင်ရာ ဝန်ထုတ်ဝန်ပိုးမဖြစ်စေရေးတို့အတွက် အခွန်ကောက်ခံရာတွင် အခွန်နှုန်းထားကို တိုးမြှင့်ကောက်ခံခြင်းမရှိဘဲ ရသင့်ရထိုက်သည့် အခွန်နယ်ပယ်ကိုချဲ့ထွင်၍ ထိထိရောက် ရောက်ဆောင်ရွက်ခဲ့သည့်အတွက် အခွန်ရရှိမှုတိုးတက်လာသည်ကိုတွေ့ရပါကြောင်း၊ အခွန်နှင့်စပ်လျဉ်း ၍ တာဝန်ရှိသည့် ဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံတော်က ရသင့် ရထိုက်သည့် အခွန်အခများကို ပြည့်ပြည့်ဝဝကောက်ခံပေးရန် လိုအပ်ပါကြောင်း၊ အခွန်အခများ ကောက်ယူရာတွင် အခွန်အားတိုးမြှင့် ကောက်ခံခြင်း မပြုလုပ်ဘဲ ယခင်ရှိပြီး အခွန်နှုန်းထားအတိုင်း ရသင့်ရထိုက်သော နယ်ပယ်အလိုက်မကျန်ရှိအောင် ကောက်ခံခြင်းများကို ပြုလုပ်ကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊အခွန်ကောက်ခံနေ သည့်ဌာနများအနေဖြင့် လက်ရှိကောက်ခံနေသည့် အခွန်နှုန်း ထားကို တိုးမြှင့်ခြင်းမရှိဘဲ အခွန်အရင်းအမြစ် ကျယ်ပြန့်စေခြင်းဖြင့် ထိရောက်သော အခွန်စနစ်ဖြင့် ပိုမိုတိုးတက်ကောက် ခံရရှိစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြခြင်းဖြင့် နိုင်ငံတော်၏အခွန်ရငွေ တိုးတက်လာမည် ဖြစ်သကဲ့သို့ အခွန်နှင့်ဂျီဒီပီအချိုးမှာလည်း တိုးတက်လာမှာဖြစ်ပါ ကြောင်း၊အခွန်ကောက်ခံသည့်ဌာနများအနေဖြင့် ထိရောက်ကောင်းမွန်သည့် အခွန်ကောက်ခံမှုစနစ်ဖြစ်ပေါ်စေရေးကြိုးစား အကောင်အထည် ဖော်ဆောင် ရွက်ရန်၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်က ရှမ်းပြည်နယ်အတွင်းအခွန်စည်း ကြပ်ကောက်ခံမှု၊ အခွန်ငွေတိုးတက် စေရေးနှင့်စပ်လျဥ်း၍ ဆောင်ရွက်ထားရှိမှုအခြေ အနေများကိုလည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွန်ကြားရေးမှူးမှ ပစ္စည်းခွန် ကောက်ခံ ခြင်းနှင့်စပ်လျဥ်း၍လည်းကောင်း၊ တက်ရောက်လာသည့်ဌာနဆိုင်ရာများမှအခွန်ငွေတိုးတက် စေရေးနှင့်စပ်လျဥ်း၍ ဆောင်ရွက်ထား ရှိမှုများကို လည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။
ယင်းနောက် အထွေထွေဆွေးနွေးရာ အခွန်ငွေတိုးတက်ရရှိစေရေးနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ဝန်ကြီး များ၊ပြည်နယ်ဥပဒေချုပ်တို့က အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခွန်ကောက်ခံရာတွင် သက်ဆိုင်ရာ ပြည်နယ်ဦးစီးမှူးများ က မိမိလက်အောက်ရှိဝန်ထမ်းများကို လုပ်ငန်းဆောင်ရွက်ရာတွင် ကြန့်ကြာမှုမရှိစေရေးအတွက် ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဌာနများအနေဖြင့် အားနည်းချက်များကို ပြုပြင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊အခွန်အခကိစ္စသည် နိုင်ငံတော်၏ မူဝါဒဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ သက်ဆိုင်ရာဌာနများက အခွန်အားတိုးမြှင့်ကောက်ခံခြင်းမပြုလုပ်ဘဲ ယခင်ရှိပြီး အခွန်နှုန်းထားအတိုင်း ရသင့်ရထိုက်သော နယ်ပယ်အလိုက်မကျန်ရှိအောင်ကောက်ခံခြင်းများကို စိစစ်ကြပ်မတ်ဆောင်ရွက်ကြရန် ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး