တောင်ကြီး ဇူလိုင်-၁၃
ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရန်၊ သစ်တောသယံဇတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ကောင်းမွန်မျှတစေရန်၊ တောတောင်ရေမြေကိုထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရန်၊ ရာသီဥတုမျှတကောင်းမွန်စေရန်နှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများနိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ ဇူလိုင် (၁၃)ရက် နံနက်(၈)နာရီ အချိန်တွင် တောင်ကြီးမြို့၊ တောင်ကြီးဌက်ဘေးမဲ့တော၌ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့်အညီ စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားပြီး ခေတ်မီသည့် Green City ၊ Clean City ဖြစ်စေရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းဘေးဝဲ၊ ယာ သစ်ပင်သစ်တောများ၊ ဥယျာဥ်ပန်းခြံများ၊ မြို့ပြသစ်တောများနှင့် စိမ်းလန်းစိုပြည်သည့် Land scape များကို တိုးမြှင့်တည်ထောင်သွားကြရမည် ဖြစ်ပါကြောင်း၊ ယနေ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ဧရိယာသည် ကျောက်တောင်မြေများကို ကွန်တိုလိုင်းဖောက်လုပ်၍ မြေအစားထိုးထည့် စိုက်ပျိုးခြင်းဖြစ်ပြီး စိုက်ပျိုးသည့်နေရာနှင့် သင့်လျော်သည့် ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ စွယ်တော်၊ မာတာကွတ်၊ ပိတောက်စသည့် သစ်မျိုး(၇)မျိုးကို စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးပြီးသည့်သစ်ပင်ပျိုးများကို တစ်ပင်စိုက်လျှင် တစ်ပင်ရှင်အောင် စိုက်ပျိုးကြရမှာဖြစ်ပြီး ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်းပေးရန် လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စိုက်ပျိုးရန် ပျိုးပင်များပေးအပ်ရာ ဌာနဆိုင်ရာများကိုယ်စား ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ခံရယူပြီး ပြည်နယ်အဆင့် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည့် တင်မြင့်ရီကုမ္ပဏီအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရန်ပျိုးပင်များကိုပေးအပ်ရာ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ညိုမီစောက မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အား လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းဦးစီးချုပ်က ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများအားလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက အမျိုးသမီးရေးရာအဖွဲ့အားလည်းကောင်း ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် သတ်မှတ် နေရာများတွင် သစ်ပင်များစိုက်ပျိုးပေးကြပြီး ဌာနဆိုင်ရာများ၊ သူနာပြု၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများ၊ တိုင်ရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများမှ သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးငှက်ဘေးမဲ့တော၊ အကွက်အမှတ် (၁၂) တွင် ၂၀၂၅ခုနှစ် ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်သည့် တည်နေရာ ပြမြေပုံနှင့် စိုက်ခင်းဆိုင်ရာအချက်အလက်များအား ကြည့်ရှုရာ ပြည်နယ်သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ငှက်ဘေးမဲ့တောဧရိယာတွင် သစ်ပင်စိုက်ပျိုးမည့် မြေနေရာရွေးချယ်ခြင်း၊ လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ ပန္နက်ရိုက်ကွန်တိုမြောင်းတူးခြင်း၊ ကွန်တိုလိုင်းအတိုင်း မြေအစားထိုးထည့်ခြင်း၊ ကျင်းတူးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် ကျင်းအတွင်းနွားချေး၊ မြေဩဇာထည့်ခြင်း၊ ပျိုးပင်သယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ၂၀၂၅ခုနှစ်၊ တောင်ကြီးမြို့ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ စွယ်တော်၊ မာတာကွတ်၊ ပိတောက်စုစုပေါင်း ပျိုးပင် (၁၁၄၄)ပင် စိုက်ပျိုးပေးကြကြောင်းသိရပြီး ယခုနှစ်မိုးရာသီတွင် ရှမ်းပြည်နယ်အတွင်း ခရိုင်မြို့နယ်များ၌ ပျိုးပင်ပေါင်း ၂.၄ သန်းစိုက်ပျိုးရန် လျာထားရာ ယနေ့အထိ ပျိုးပင်ပေါင်း ၂.၃သန်းကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး