
တောင်ကြီး ဇူလိုင်-၁၂
၂၀၂၅-၂၀၂၆ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် တောင်ကြီးမြို့၏ Safe City လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာများအား Chan Pyae Soe Technology Co.,Ltdနှင့် HIK VISION Co.,Ltd တို့မှ ဇူလိုင်(၁၂)ရက် နံနက် (၁၁)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်း တင်ပြကြသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံမှုရှိစေရေးအတွက် အဆင့်မြင့်နည်းပညာသုံး စက်ပစ္စည်းကိရိယာများကို မဖြစ်မနေအသုံးပြုရမည်ဖြစ်၍ နည်းပညာနှင့်စပ်လျဉ်းပြီ သက်ဆိုင်ရာတာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ Safe City မှ Smart City အဖြစ်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျတာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်ပြီး လိုအပ်ချက်များကိုလည်း ထိန်းကြောင်းပေးရမည်ဖြစ်ကြောင်းနှင့် ကုန်ကျမှုတိုင်းသည် ထိရောက်မှုရှိရန်လိုအပ်ပါကြောင်း၊ ပြည်သူလူထုကို ဝန်ဆောင်မှုပေးသည့်လုပ်ငန်းဖြစ်၍ သက်ဆိုင်ရာဌာနများကလည်း အကြံပြုဆွေးနွေးပေးကြရန်ပြောကြားသည်။
ထို့နောက် Chan Pyae Soe Technology Co.,Ltd နှင့်HIK VISION Co.,Ltd တို့မှ တောင်ကြီးမြို့ Safe City စီမံကိန်းတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် စနစ်များနှင့်ရှေ့ဆက်ဆောင်ရွက်မည့် စနစ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် အကြံပေးအဖွဲ့များနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနများက စီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းနှင့်စပ်လျဥ်း၍ အကြံပြုဆွေးနွေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးရာ စီမံကိန်းလုပ်ငန်း လိုအပ်ချက်များ အပေါ်မှုတည်၍ ဘဏ္ဍာနှစ်အလိုက် ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းများသည် အရည်အသွေးရှိရန်လိုအပ်ပြီး ပြန်လည်အသုံးပြုရန် အဆင်ပြေမည်ဆိုပါက တပ်ဆင်ရသည့်မှာ အကျိုးရှိမည်ဖြစ်ကြောင်း၊ ပျက်စီးမှုများရှိပါက တာဝန်ယူဆောင်ရွက်သည့်ကုမ္ပဏီမှ ပြန်လည်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး