
တောင်ကြီး ဇူလိုင်-၁၂
သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁ ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ် ဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ဝါတွင်းသုံးလတွင် အခြားသော ကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းများ ပြုကြသည်။ထို့အတူရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ခုနှစ် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်(၁၂)ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ သာသနာလင်္ကာရကမ္ဗောဇသာသနာ့ဗိမာန်၌ ကျင်းပ သည်။
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသောဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ပေးတော်မူကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များနှင့်အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သီလရှင်ဆရာကြီးများအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းမှူး၏ဇနီးနှင့် တာဝန်ရှိသူများက သီလရှင်ဝတ်စုံများဆက်ကပ် လှူဒါန်းကြသည်
ယင်းနောက် ရှမ်းပြည်နယ်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ တောင်ကြီးမြို့၊ သိမ်တောင်ကျောင်း တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ် ရွတ်ဆို ဆုတောင်း ၍ အခမ်းအနားကို ပြီးမြောက်ကြောင်းသိရသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်(၁၀၈)ပါးအား ပြည်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြပြီး သီလရှင်(၁၀)ပါးအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းမှူး၏ဇနီးနှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းပေးခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး