
တောင်ကြီး ဇူလိုင် ၁၀
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးပြည်နယ် အသက် (၁၈) နှစ်အောက် ဘောလုံးပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားကို ဇူလိုင်လ (၁၀) ရက်မွန်းလွဲ(၂)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ် အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲ ပွဲစဉ်များမှ ရှမ်းပြည်နယ်တွင် အုပ်စု(ဃ)ပွဲစဥ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် များစွာဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ယခုလို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခွင့်ရရှိသည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကစားသမားများ၏ မတူကွဲပြားသည့် ကစားပုံ၊ ကစားဟန်များကို လေ့လာဖလှယ်နိုင်မှာဖြစ်ပါကြောင်း၊ ဒေသအသီးသီးမှပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ရှမ်းပြည်နယ်၏ ယဥ်ကျေးမှုဓလေ့စရိုက်နှင့် ဒေသန္တရ ဗဟုသုတများ လေ့လာခွင့်ရရှိစေသည့်အပြင် မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေနိုင်မည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြိုင်ပွဲပြီးစီးသည်အထိ ပြိုင်ပွဲဝင်အားကစားသမားများ စိတ်အေးချမ်းသာ ပျော်ရွှင်စွာ ပြိုင်ပွဲဝင်နိုင်ရေးကို အဖက်ဖက်မှ ကောင်းမွန်ပြည့်စုံအောင် စောင့်ရှောက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲဝင် ကချင်ပြည်နယ်အသင်း၊ မကွေးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်း တို့မှ အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ ကြကြောင်းသိိရှိရသည်။
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက်ဘောလုံးပြိုင်ပွဲကို ၂၀၂၅ခုနှစ် ဇူလိုင်လ (၁၁)ရက်မှ (၂၅)ရက်နေ့အထိ အသင်း(၃)သင်း ပတ်လည်ယှဥ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး