မိုးနဲ ဇူလိုင် ၁၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်များ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၉)ရက်နံနက်(၈)နာရီက နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာတွင် တောင်သူ ဦးစိုင်းလူ စိုက်ပျိုးထားသည့် ယာစပါးမျိုးသန့်ပွားစံပြ စိုက်ခင်းသို့ သွားရောက်ကြည့်ရှုရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မျိုးစေ့ချကိရိယာနှင့် လက်စွဲကောက်စိုက်စက် နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား သရုပ်ပြသပြီး စမ်းသပ်စိုက်ပျိုးဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ တောင်သူများအတွက် အလုပ်သမားရှားပါးမှုကို အထောက်အကူပြုပါကြောင်း၊ တောင်သူများမှ မျိုးစေ့ချကိရိယာနှင့် လက်စွဲကောက်စိုက်စက်၏ စွမ်းဆောင်နိုင်မှုကို အကြိုက်တွေ့ပြီး အသုံးပြုလိုပါက ဆက်သွယ်မှာယူပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယာစပါးမျိုး ပျိုးထောင်ထားရှိမှု အခြေအနေများကိုကြည့်ရှုပြီး တောင်သူများ၏တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မျိုးစပါးများ၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ ပဲပုပ်တို့ကိုကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၂၀၂၅ခုနှစ် မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ကောင်းမွန်မျှတစေရန်နှင့် တောတောင်ရေမြေကို ထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရန်၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများနိုးကြား တက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုမိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နမ့်စန်မြို့အဝင်စိမ်းလန်းစိုပြေရေး၊ သာယာလှပရေးအတွက် ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ပနားမားငု၊ ယူကလစ်စသည့် သစ်မျိုး(၆)မျိုးမှ စုစုပေါင်း ပျိုးပင် (၁၅၀၀) စိုက်ပျိုးသွားမည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပျိုးပင်များကိုပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က နမ့်စန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးအား လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက နမ့်စန်မြို့နယ် ပညာရေးမှူးအား လည်းကောင်း၊ အရှေ့ပိုင်းလေတပ်စခန်း ဌာနချုပ်ကွပ်ကဲရေးမှူး က ဌာနေပြည်သူစစ်အဖွဲ့အား လည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့အား လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဒေသခံတိုင်းရင်းသားအဖွဲ့အား လည်းကောင်း၊ နမ့်စန် တပ်နယ်မှူးက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့အား လည်းကောင်း ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် သတ်မှတ်နေရာတွင် သစ်ပင်စိုက် ပျိုးပေးကြပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည် သူများမှ သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နမ့်စန်မြို့နယ်၊ ဝမ်ပုံကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှပြုလုပ်သည့် မျိုးစေ့၊ မြေသြဇာ ချီးမြှင့်ပေးအပ်ခြင်းနှင့် မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍသည် အဓိကဖြစ်ပါကြောင်း၊ ဒေသနှင့်ရာသီဥတုကိုက်ညီပြီး စိုက်ပျိုးသင့်သည့်သီးနှံ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးမည်မြေများကိုလည်း ဖော်ထုတ်စမ်းသပ်ပေးလျက်ရှိပြီး စိုက်ပျိုးရေ ရရှိရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိူးရေးဦးစီးဌာနမှ ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တောင်သူများမှ လက်ခံလိုက်ပါဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ သီးနှံများပန်တိုင်အထွက်နှုန်းကောင်းပါက တောင်သူများဝင်ငွေတိုးပြီး ဒေသဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက မျိုးစေ့၊ မြေသြဇာများ ချီးမြှင့်ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူများကို မျိုးစေ့၊ မြေသြဇာများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲသည် တောင်သူ ဦးစိုင်းနော်မိန်း၏ သီးနှံစိုက်ဧက ၃.၈၀ ဧကတွင် မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး