ပင်လောင်း ဇူလိုင်-၅
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်ရှိ စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် ဓါတ်မြေသြဇာများပေးအပ်ခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဇူလိုင်(၅)ရက်နံနက်(၁၀)နာရီခွဲက ပင်လောင်းမြို့၊ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးရေးကဏ္ဍတွင် အားနည်းချက်များရှိနေသေးသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေရရှိရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍတွင် ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် သဘာဝဘေးများဖြစ်ပေါ်၍ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုများရှိခဲ့သဖြင့်တောင်သူများ၏ လိုအပ်ချက်များကို ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဒေသ၏လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးပေးကြရန်လိုအပ်ပါကြောင်း၊ တင်ပြဆွေးနွေးမှုများရှိမှသာ လိုအပ်ချက်များ သိရှိရမည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများမှ တင်ပြချက်များကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပင်လောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်သန်းက ပင်လောင်းမြို့နယ်၏ စိုက်ပျိုးရေးကဏ္ဍနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်သက်သက်အေးက စိုက်ပျိုးရေးပန်းတိုင် အထွက်နှုန်းရရှိရေးဆောင် ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တောင်သူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ဓါတ်မြေသြဇာများထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကော်ဖီစိုက်တောင်သူများမှ ဒေသအတွက် ကော်ဖီအခွံချွတ်စက်များ လိုအပ်ပါကြောင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ကော်ဖီစိုက်အစုအဖွဲ့တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့လိုအပ်သည့် ကော်ဖီစက်အမျိုးအစားနှင့် တန်ဘိုးတို့ကို တင်ပြပေးရန် တာဝန်ရှိသူများအားဖြည့်စွက်မှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော ဒေသထွက်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသော စိုက်ပျိုးရေးသုံးပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်လောင်းမြို့နယ်၊ ဘက်စုံသုံးခန်းမ၌ ငလျင် ဘေးသင့်ပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပင်လောင်းဒေသသို့ ယခုလို လာရောက်ခြင်းသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မိမိဒေသသို့ ပြန်လည်သွားရောက်နိုင်ခြင်း မရှိသေးသော်လည်း စိတ်ဓါတ်ကြံ့ခိုင်ကြရမည် ဖြစ်ပါကြောင်းနှင့် သား၊ သမီးများ၏ ပညာရေးကိစ္စရပ်များ ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှထောက်ပံ့ပေးသည့် ပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ငလျင်ဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ငလျင်ဘေးသင့်ပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများမှ ဒေသအတွက် လိုအပ်ချက်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများအား လုပ်ငန်းများကို ပြန်လည်စိစစ်တင်ပြပေးကြရန် မှာကြားခဲ့ကြောင်းသိရှိရပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်တရား သဘာဝမြေသြဇာစက်ရုံနှင့် တစ်သျှူးကာချားနည်းဖြင့် အာလူးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး