
တောင်ကြီး ဇူလိုင်-၄
အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းသည် အမှိုက်သိမ်းဆည်းမှုကို လွယ်ကူစေသည့်အပြင်အမှိုက်များကို အကျိုးရှိအောင် ပြန်လည်အသုံးချနိုင်သည့် ရလဒ်ကောင်းများရရှိစေရန်၊ အမှိုက်ကင်းစင်ပြီး သန့်ရှင်းသာယာလှပသည့် မြို့နယ်များ၊ခရိုင်များမှတစ်ဆင့် သန့်ရှင်းသာယာလှပသည့် ပြည်နယ် ဖြစ်လာစေရန် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကကြီးမှူး၍ အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် သရုပ်ပြခြင်းနှင့် အမှိုက်ပုံးများပေးအပ်ပွဲကို ဇူလိုင်(၄)ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမှိုက်များစနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေးအတွက် သရုပ်ပြခြင်းကို တောင်ကြီးမြို့၊မြို့တော်ခန်းမ အပြင်ဘက်တွင် ဆောင်ရွက်ရာ တောင်ကြီး မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက အမှိုက်ခြေက်၊ အမှိုက်စို၊ ဘေးအန္တရာယ်ရှိသောအမှိုက်၊ ပလတ်စတစ်အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အမှိုက်ပုံးအတွင်း အမှိုက်စနစ်တကျစွန့်ပစ်နည်းကို စံနမူနာသရုပ်ပြသကြသည်။
ထို့အတူ မြို့နယ်စည်ပင်သာယာရေးဌာနမှတာဝန် ရှိသူများသည် တောင်ကြီးမြို့၊မြို့မစျေးကြီးရှေ့တွင် စျေးသူ၊စျေးသားများ၊ဒေသခံပြည်သူများအား သတ်မှတ်အမှိုက်ပုံးများအတွင်း အမှိုက်များစနစ် တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အမှိုက်စွန့်ပစ်နည်းကို သရုပ်ပြသရာ စျေးသူ၊စျေးသားများက အမှိုက်များကိုခွဲခြား၍ သတ်မှတ်အမှိုက်ပုံးအတွင်း လက်တွေ့စွန့်ပစ်ခြင်းကို ဆောင်ရွက်ကြကြောင်းသိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများပေးအပ်ပွဲကို တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အာင်က စွန့်ပစ်ပစ္စည်း ညစ်ညမ်းမှုလျှော့ချရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူ လူထုနှင့်ပုဂ္ဂလိက ကဏ္ဍသည်အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ အစိုးရဌာနဆိုင်ရာရုံးများတွင် စွန့်ပစ်ပစ္စည်းများ ထွက်ရှိမှုလျှော့ချနိုင်ရေး အမှိုက်များကိုစနစ်တကျ ခွဲခြားစွန့်ပစ်သည့်နည်းစနစ်များကို စံနမူနာပြဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် ၁၂၀ လီတာအမှိုက်ပုံး ၁၂၀၀ ပုံးနှင့်၂၄၀ လီတာအမှိုက်ပုံး ၆၀၀ ပုံး၊စုစုပေါင်းအမှိုက်ပုံး ၁၈၀၀ ပုံးကိုဝယ်ယူထားရှိပြီး ဌာနဆိုင်ရာများအား ဖြန့်ဝေပေးသွားမှာဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်သတ်မှတ်ပုံစံအတိုင်းစွန့်ပစ်သွားကြရန်လိုအပ်ပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် အစိုးရဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ ဆေးရုံများအနေဖြင့် ပြည်သူများမှ အတုယူလိုက်နာဆောင်ရွက်နိုင်စေရန်မိမိတို့၏ရုံးဝန်း၊ကျောင်းဝန်း၊ဆေးရုံဝန်းအတွင်းမှစွန့်ပစ်ပစ္စည်းထွက်ရှိမှုလျှော့ချနိုင်သည့် နည်းလမ်းများကို ထပ်ဆင့်အသိပညာပေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊မြို့သန့်ရှင်းသာ ယာလှပရေးဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍ တွင်ပါဝင်ပါကြောင်း ၊ပြည်သူ လူထုပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်၍ အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများမှ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် အမှိုက်များစနစ်တကျခွဲ ခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများကိုယ်စား ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်အကျဥ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်းကောင်း၊ ပြည်နယ်မြေစာရင်းဦးစီးဌာနနှင့် ပြည်နယ်သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများက လည်းကောင်း၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများက လည်းကောင်းလက်ခံခဲ့ကြသည်။
ဆက်လက်၍ အမှိုက်ပုံးများပေးအပ်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကလည်းကောင်း၊ တောင်ကြီးမြို့ရှိ တက္ကသိုလ်များမှတာဝန်ရှိသူများအား ပြည်နယ်စီးပွားရေးရာဝန်ကြီးက လည်းကောင်း၊ ဆေးရုံများ၊ တိုက်နယ်ဆေးရုံ၊ တိုင်းရင်းဆေးရုံနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား ပြည်နယ်သယံဇာတရေးရာဝန်ကြီးက လည်းကောင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား ပြည်နယ်ဥပဒေချုပ်က လည်းကောင်း၊အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ကလည်းကောင်း ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသော စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုခြင်း(Reuse)နှင့် သက်ဆိုင်ရာဌာနများအား ခွဲဝေပေးမည့်အမှိုက်ပုံးများကို ကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး