
တောင်ကြီး ဇွန်-၂၈
မိုးရာသီကာလရောက်ရှိလာပြီဖြစ်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး၊ပိုးလောက်လန်းများမပေါက်ဖွားနိုင်ရေး၊ခြင်၊ယင်များမခိုအောင်းနိုင်ရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ဇွန်(၂၈)ရက်နံနက်(၇)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ် ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရရုံးတွင်ဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကိုလည်းကောင်း၊တောင်ကြီးမြို့၊အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတွင် ဝန်ထမ်းများ စုပေါင်းသန့်ရှင်း ဆောင်ရွက်နေမှုကိုလည်းကောင်းကြည့်ရှုအားပေးပြီးဗိုလ်ချုပ်ပန်းခြံ အရှေ့ဘက်ရှိ ပြုပြင်ရန်လိုအပ်လျက်ရှိသည့်ပလက်ဖောင်းများကိုအမြန်ဆုံးပြန်လည်ပြုပြင်ရန်နှင့်ပန်းခြံအရှေ့ဘက်လမ်းထောင့်ရှိအသုံးမပြုတော့သည့်ထရန်စဖော်မာနှင့်ဓာတ်မီးတိုင်အချို့အားစနစ်တကျပြန်လည် သိမ်းဆည်းပေးရန် သက်ဆိုင် ရာဌာနမှတာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်အမျိုးသမီးနှင့်ကလေးဆေးရုံဝန်ထမ်းအိမ်ရာအားသွားရောက်ကြည့်ရှုစစ်ဆေးပြီးပြည်နယ်ဝန်ကြီးချုပ်ကဝန်ထမ်းအိမ်ရာများတည်ဆောက်မည်ဆိုပါကစနစ်တကျရှိစေရေးMasterPlanရေးဆွဲရန်လိုအပ်ပါကြောင်း၊ရုံးကြီးလမ်းနှင့်ဆေးရုံ အရှေ့ဘက်လမ်းကို ပြန်လည်ပြုဆောင်ရွက်ရန်နှင့် လမ်းဘေးရှိသစ်ကြားသီးပင်များ အုပ်ဆိုင်းနေသဖြင့် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းပြီး အလင်းဖွင့်ပေးရန် တာဝန်ရှိသူအားများအားမှာကြားခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ခရိုင်/မြို့နယ်စုပေါင်းရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးပြီးမြို့နယ်စည်ပင်သာယာရေးရုံးသို့သွားရောက်၍အမှိုက်စနစ်တကျ စွန့်ပစ်ရာတွင်အသုံးပြုမည့် အမှိုက်ပုံးများစီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်း၊အစိုးရအဖွဲ့ရုံးဟောင်းရှိဝန်ထမ်းများသက်သာချောင်ချိရေးအတွက်ရောင်းချပေးနေသောဝန်ထမ်းသက်သာဆိုင်အားသွားရောက်ကြည်ရှုစစ်ဆေးကာလိုအပ်သည်များကိုတာဝန်ရှိသူများအားမှာကြားသည်။ယင်းနောက်ရုံးကြီးလမ်းဟောင်းရှိ ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကိုကြည့်ရှုအားပေးခဲ့ပြီးရုံးကြီးလမ်းဟောင်းအားပြုပြင်ထိန်းသိမ်းရန်မှာကြားခဲ့သည်။အလားတူရှမ်းပြည်နယ်အတွင်းရှိမြို့နယ်များတွင်မြို့များသန့်ရှင်းသာယာလှပရေး၊ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေးတွက်အပတ်စဉ်စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး