တောင်ကြီး ဇွန်-၂၃
တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေနုတ်မြောင်းနှင့် ချောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ဇွန်(၂၃)ရက်နေ့ညနေ(၃)နာရီအချိန်တွင် ပြည်နယ်စည်ပင်သာယာရေးဌာနနှင့် ပြည်နယ်လမ်းဦးစီးဌာနတို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းနှင့် ချောင်းများ ရေစီးရေလာကောင်းမွန်ရန် သက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ်ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ ထို့အတူ အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများ အဆင်ပြေပြေဆောင်ရွက်နိုင်ရန် ပုဂ္ဂလိကကုမ္ပဏီများနှင့် စာချုပ် အမြန်ဆုံးချုပ်ဆိုရန်လိုအပ်ပြီး တာဝန်ရှိသူများက စည်းကမ်းစနစ်တကျ အချိန်မှန်မှန် အမှိုက်များသိမ်းဆည်းပေးရန် လိုအပ်ပါကြောင်း၊ အမှိုက်မပစ်ရသည့်နေရာများတွင် အမှိုက်ပစ်သူများအား တွေ့ရှိပါက ဥပဒေအတိုင်း တာဝန်ရှိသူများက ထိထိရောက် ရောက်အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထီသိမ်ဘူတာသည် ဘဝသံသရာ ရထားလမ်းရှိပြီး လာရောက်လည်ပတ်သူများ အပန်းဖြေအနားယူနိုင်ရန် ကောင်းမွန်သည့်နေရာတစ်ခုဖြစ်၍ ဘူတာပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်များ စိုက်ပျိုးပေးရန်လိုအပ်မည် ဖြစ်ပါကြောင်း စသဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယရေးဌာနမှ တာဝန်ရှိသူများက ထီသိမ်ဘူတာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လမ်းဦးစီးဌာနမှ ထီသိမ်ဘူတာအနီးရှိ View Point ဆောင်ရွက်မည့်နေရာနှင့်စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တောင်ကြီးမြို့သန့်ရှင်းသာ ယာလှပရေးအတွက် အမှိုက်ကင်းရှင်းရေးကို အဓိကထားဆောင်ရွက်ပေးရန် ၊ထီသိမ်ဘူတာပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး သစ်ပင်များစိုက်ပျိုးပေးကြရန်၊ ဘဝသံသရာရထားအဝိုင်းတွင် သစ်ပင်စိုက်ပျိုးရန် ကျန်ရှိနေရာများတွင် အချိန်နှင့်တစ်ပြေးညီ သစ်ပင်စိုက်ပျိုးပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ထီသိမ်ဘူတာသို့သွားရောက်၍ View Point ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး