
ညောင်ရွှေ ဇွန်-၂၀
ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန်များအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ညောင်ရွှေမြို့နယ်နှင့် တောင်ကြီးမြို့နယ်ရှိ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပွဲကို ဇွန်(၂၀)ရက်နံနက်(၉)နာရီက ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရာဂီမုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် ရှမ်းပြည်နယ်တွင် ငါးမွေးကန်စုစုပေါင်း (၁၈၃၄.၆၈)ဧကရှိသည့်အနက် ငါးမွေးကန်(၁၀၆၁.၀၇)ဧကသည် ရေကြီးနစ်မြုပ် ခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သော ငါးကန်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ (၁)ဧကလျှင်ငါးသားပေါက်ကောင်ရေ (၁၀၀၀)နှုန်းဖြင့် ငါးသားပေါက်များအား ဒေသစျေးနှုန်းဖြင့် ဝယ်ယူထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်း အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက်ရည်ရွယ်၍ ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ကလောခရိုင်ညောင်ရွှေမြို့နယ်တွင် ငါးမွေးနတာင်သူ(၆၅)ဦး၊ (၅၈၆.၀၈)ဧကအတွက် ငါးသားပေါက်ကောင်ရေ(၅၈၆၀၈၀)နှင့် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိငါးမွေးတောင်သူ(၈)ဦး (၂၀.၃၆)ဧကအတွက် ငါးသားပေါက်ကောင်ရေ(၂၀၂၆၀)အား ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ငါးမွေးတောင်သူများကို လငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းဖြင့် တောင်သူများအနေဖြင့် ငါးမွေးမြူခြင်းလုပ်ငန်းများကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ပြီး ဒေသတွင်းငါးစားသုံံးမှုနှင့် ငါးထုတ်လုပ်မှုများကို ဆက်လက်ထိန်းသိမ်းပေးကြရန်၊ ရှမ်းပြည်နယ်ရာသီဥတုသည် အေးမြခြောက်သွေ့သောရာသီဥတုဖြစ်ပြီး ငါးမွေးကန်နည်းပါးသည့်အတွက် ဒေသအတွင်း ငါးဖူလုံမှုမှာ (၁၄)ရာခိုင်နှုန်းခန့်သာရှိပါကြောင်း၊ ငါးစားသုံးမှုဖူလုံရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းကိုအားစိုက်၍ စနစ်တကျမွေးမြူဆောင်ရွက်သွားရမှာ ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းလွင်မှ ငါးသားပေါက် ထောက်ပံ့ပေးအပ်ခြင်း ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ် ငါးမွေးတောင်သူ များအား ငါးသားပေါက်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများကပေးအပ်ကြပြီး ငါးမွေးတောင်သူများကိုယ်စား ငါးမွေးတောင်သူတစ်ဦးမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
အဆိုပါညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်ရှိ ငါးမွေးတောင်သူများကို ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်းကောင်ရေ စုစုပေါင်း(၆၀၆၄၄၀)ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ ပေါင်းပိန်းကျေးရွာအုပ်စုတွင် ၂၀၂၅ – ၂၀၂၆ခုနှစ် နွေးစပါး၊ မိုးစပါး၊ မြေပဲ၊ ချက်ကြံ၊ အစေ့ထုတ်ပြောင်းသီးနှံများ ရေကြီးနစ်မြုပ်ခဲ့သောနေရာအား သွားရောက်ကြည့်ရှုရာ တောင်သူများမှရေနစ်မြုပ်ခဲ့သော စိုက်ပျိုးမြေနေရာအတွင်း ရေများဝင်ရောက်နေမှုကို စက်များ ဖြင့်စုတ်ထုတ်နေမှုအားကြည့်ရှုပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စုရှိ စိုက်ပျိုးထားသော လယ်များရေနစ်မြုခဲ့သည့်နေရာ သွားအားရောက်ကြည့်ရှုရာ တောင်သူများမှ အခက်အခဲများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး တောင်သူများအား စိုက်ပျိုးစရာရှိသည်များ စိုက်ပျိုးပေးကြရန်၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း ကွင်းဆင်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ လာမည့်နှစ်များတွင်လည်း မျိုးစပါး၊ ဓါတ်မြေသြဇာများ ပေးအပ်သွားမည်ဖြစ်ကြောင်း မှာကြားခဲ့ကြောင်းသိရသည်။
ယင်းနောက် ရွှေညောင်-ညောင်ရွှေ-ကားလမ်းမကြီး ရေကြီးရေလျှံမဖြစ်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာနမှ နဒီကန်အတွင်း စီးဝင်သောချောင်းအတွင်း သဲနုန်းများ တူးဖော်၍ တာဘောင်မြှင့် ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး