တောင်ကြီး ဇွန်-၁၅
ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာသွန်းမှုကြောင့် အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံဖြစ်ခဲ့မှုကြောင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဥ်များအား ရှင်းလင်းခြင်းကို ဇွန်(၁၅)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက နမ့်လတ်(တာယော)ချောင်း၊ ရေကြီးမှုနှင့် ရွှေညောင်မြို့ ရေလွှမ်းမိုးမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းရာ နမ့်လတ်ချောင်း(တာယောင်ချောင်း)မှာ တောင်ကျရေများမှ ပါဝင်လာသောသဲနုန်းများ ပို့ချခြင်းကြောင့် ချောင်းကြမ်းပြင်မြက့်တက်လာသဖြင့် နမ့်လတ်ချောင်းကို တူးဖော်ရန်လိုအပ်ပါကြောင်း၊ မြို့အတွင်းမြောက်ဘက်မှ စီးဆင်းလာသော ရေစက်ချောင်း(တံဖြူချောင်း)မှာ ပြည်ထောင်စုလမ်းမကြီး၏ တောင်ဘက်တွင် ချောင်းကျဥ်းမြောင်းမှုများ၊ ချောင်းအတွင်းကျူးကျော်မှုများ ရှိနေပါသဖြင့် ရေစီးရေလာကောင်းမွန်ရန်အတွက် ရှင်းလင်းတူးဖော်ရန် လိုအပ်ကြောင်းရှင်းလင်းသွားသည်။
ဆက်လက်၍ ညောင်ရွှေမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက နမ့်လတ်ချောင်း၏ ရေစီးရေလာမှာ ရပ်စောက်မြို့နယ် တောင်ကြီးမြို့နယ် ရွှေညောင်မြို့အကြားတွင် မတ်စောက်ပြီး ရွှေညောင်မှ ညောင်ရွှေအကြားတွင် ပြေပြစ်သည့်သဘောရှိပါသဖြင့် ညောင်ရွှေမြို့ အနိမ့်ပိုင်းတွင်ရေဝပ်ပြီး ရေစီးထွက်ရန် အချိန်ကြာခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသွားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှင်းလင်းဆွေးနွေးတင်ပြချက်အပေါ် တာယောချောင်းသည်အဓိကခြစ်၍ တံအောက်ပိုင်းတွင် တူးဖော်ရန်လိုအပ်ကြောင်းနှင့် ကျူးကျော်မှုများရှိသည့်အတွက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးရန်၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် အမှိုက်များ၊ ဗေဒါများ၊ ဒိုက်များဖယ်ရှား၍ လက်ရှိအနေအထားအရ ရေများကျဆင်းသွားနိုင်ရေးနှင့် အားလုံးက ပူးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန် ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ပြည်နယ်လမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ရွှေညောင် – ညောင်ရွှေကားလမ်းပေါ် ရေကြီးရေလျှံဖြစ်ပေါ်မှုနှင့် ပတ်သက်၍ရှင်းလင်းပြီး ပြည်နယ်လမ်းကြီးကြပ်ရေးအဖွဲ့မှ ပြည်နယ်ဦးစီးမှူးက ခေါင်တိုင် – အင်းတိန် – နာဋောင်းကျ – ကျေးပေါခုံ – တောင်တို – နောင်ကျော် မှော်ဘီလမ်းတွင် ရေကျော်မှုဖြစ်ပွားသည့် နေရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။
၎င်းနောက် တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ဆောင်ရွက်ပေးရန် ရှည်အတွက်ဖြစ်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးရန်၊ အကောင်းဆုံးဖြစ်ရန်အတွက် နီးစပ်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ရေဘေးကိစ္စရရပ်များတွင်လည်း အသိပညာပေးရန်၊ မြေပြင်တွင်လှုပ်ဆော်ပြီး လက်ကမ်းစာစောင်များ၊ ကြော်ငြာများဖြင့် အသိပညာပေး၍ သတင်းထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ စိုက်ကွင်း ရေဝင်ရောက်နှစ်မြှုပ်နေမှုကို ကြည့်ရှုသောအနေဖြင့် ထိုက်သင့်သလောက် ဆောင်ရွက်ပေးနိုင်ရန် အားလုံးကပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး