တောင်ကြီး ဇွန်-၁၄
ပတ်ဝန်းကျင်စိမ်းလန်းစိုပြေဖို့၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေဖို့၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ဖို့ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများမှာ ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်နှင့် အင်းလေးကန် ရေဝေရေလဲဒေသတွင် သစ်တောများ ပြန်လည်ဖြစ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဇွန်(၁၄)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေခြင်း၊ ရာသီဥတုမျှတစေခြင်း၊ လူသားတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် စားစရာ၊ နေစရာ၊ သောက်သုံးရေနှင့် သစ်၊ တိုင်၊ မျော၊ ထင်းစသည့် နေ့စဥ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှကာဗွန်ကို စုပ်ယူသိုလှောင်ဖယ်ရှားပေးခြင်း၊ ရေနှင့်လေများကို သန့်စင်ပေးခြင်း၊ မြေတိုက်စားမှုမြေပြိုမှုများမှ ကာကွယ်ပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ် အဆင့်ဆင့်ဖြစ်ပေါ်စေခြင်းနှင့် မြေအောက်ရေဖြည့်တင်းမှုကို အထောက်အကူပြုခြင်း စသည့်ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ အကျိုးကျေးဇူးများစွာကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ၂၀၁၄ခုနှစ်မိုးရာသီတွင် သစ်ပင်(၁.၆၇)သန်း စိုက်ပျိုးခဲ့ပြီး ယခု၂၀၂၅ခုနှစ်မိုးရာသီတွင် သစ်ပင်ပေါင်း(၂.၄)သန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ်မိုးရာသီမှာလည်း တောင်ကြီး – ဆီဆိုင် ကားလမ်းဘေးဝဲယာ တစ်အုပ်တစ်အတန်းလိုက် စိုက်ခင်းတည်ထောင်ခြင်း (၄၉၅၁၀)ပင်စိုက်ပျိုးပြီးဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ်မိုးအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ရှမ်းပြည်နယ်အတွင်း မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် စုစုပေါင်း(၄၄)ပွဲလျာထား ဆောင်ရွက်ရာတွင် ဇွန်လ(၁၃)ရက်နေ့အထိ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲပေါင်း(၈)ပွဲ၊ သစ်တောသစ်ပင်(၄၀၁၀)ပင်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(၈)ပွဲ၊ သစ်တောသစ်ပင်(၆၁၁၀)ပင်၊ သစ်ပင်စိုက်ပျိုးပွဲပေါင်း(၁၆)ပွဲ (၁၀၁၂၀)ပင်စိုက်ပျိုးခဲ့ပြီး ၂၀၂၅ခုနှစ်ဇွန်လအတွင်း မြို့နယ်အသီးသီးတွင် လျာထားချက်အတိုင်း မိုးရာသီသစ်ပင်စ်ုက်ပျိုးပွဲများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်စိုက်ပျိုးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စိုက်ပျိုးရန်သစ်ပင်များကိုပေးအပ်ရာ ဌာနဆိုင်ရာများကိုယ်စား ခရိုင်၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များမှလက်ခံရယူပြီး ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်ဆောင်ရွက်ပေးခဲ့သော လွိုင်ခမ်းအိမ်ရာစီမံကိန်း၊ စိန်နှင်းဆီကုမ္ပဏီအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ ဦးစိုင်းရွက်မှ လက်ခံရယူသည်။
၎င်းနောက် စိုက်ပျိုးရန်သစ်ပင်များကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်ကပေးအပ်ရာ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများမှလက်ခံရယူခြင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က စိုက်ပျိုးရန်သစ်ပင်ပေးအပ်ရာ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့တို့မှ လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်ပင်စိုက်ပျိုးမည့်နေရာတွင် နေရာယူ၍ သစ်ပင်များစိုက်ပျိုးပေးကြပြီး တက်ရောက်လာသူများမှ သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ၂၀၂၅ခုနှစ် ရှမ်းပြည်နယ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ချယ်ရီ၊ ထင်းရှူး၊ ခါတော်မီ၊ စိန်ပန်းပြာ စုစုပေါင်းပျိုးပင် (၁၁၀၀)စိုက်ပျိုးပေးကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး