တောင်ကြီး ဇွန်-၉
ကျောက်နီမွေးမြူရေးဇုန်တွင် လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ဇွန်(၉)ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် (ကျောက်နီစိုက်ကွင်း)အတွင်း နွားမွေးမြူရေးဇုန်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ထိုနောက် မွေးမြူရေးဇုန်ရှင်းလင်းဆောင်ခန်းမသို့ သွားရောက်၍ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက မွေးမြူရေးနှင့် မွေးမြူရေးဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှင်းလင်းတင်ပြချက်အပေါ် ခရိုင်မွေးမြူရေးဇုန် ကြီးကြပ်မှုကော်မတီဖွဲစည်းပြီးဖြစ်၍ မြေပြင်တွင်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနိုင်ရန်အတွက် ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အဓိကမှာ မွေးမြူရေးလုပ်ငန်းရှင်များ ဖြစ်ပါကြောင်း၊ မူလစီမံချက်အရ ဝင်ရောက်ရမည့်နို့စားနွား အကောင်ရေများ ရှိရမည့်အစား ဝင်ရောက်မှုမရှိနိုင်သည့်အတွက် အခက်အခဲများတင်ပြပေးကြရန်၊ သစ်ပင်စိုက်ပျိုးမှုတွင်လည်း နှစ်ရှည်သီးနှံစားပင်စိုက်ပျိုးပေးရန် လိုအပ်ပါကြောင်း၊ နွားနို့ညစ်စက်များကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးဆောင်ရွက်ပေးထားပါကြောင်း၊ မွေးမြူရေးဇုန်အောင်မြက်ပါက ဒေသအတွက်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များကလည်း နည်းပညာများကို အချင်းချင်းဖယ်လှယ်ပေးကြရန်နှင့် ဒေသနွားများကိုလည်း မျိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်ပသွင်းကုန်လျော့ချပြီး ဒေသထွက်ကုန်ကို ကြိုးစားထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်အတွက် ကြိုးစားလျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများလည်း သိရှိနိုင်အောင်တင်ပြထားပါကြောင်း၊ စံပြမွေးမြူရေးဇုန်ဖြစ်ရန်နှင့် စနစ်ကျသောမွေးမြူရေးဇုန်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ကော်မတီများလည်းဖွဲ့စည်းထားပြီးဖြစ်၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းရှင်များကလည်း အခက်အခဲရှိပါက တင်ပြဆွေးနွေးပေးကြရန် ပြောကြားသည်။
ယင်းနောက် မွေးမြူရေးလုပ်ငန်းရှင်များမှ လိုအပ်ချက်အခက်အခဲများတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းရှင်များ၏လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မွေးမြူရေးလုပ်ငန်းရှင်များအတွက် လိုအပ်နေသော မြက်ချဥ်ဖက်ဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်ချက်များကို ဆွေးနွေးကြကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးဇုန်အတွင်း ဆောင်ရွက်ပြီးစီးသွားသည့် ဦးအောင်မျိုးမင်းထွန်း မွေးမြူထားသည့်နို့စားနွားနှင့် ဒေသနွားခြံတို့ကို သွားရောက်ကြည့်ရှုပြီး SUPER SEVEN STAR SAGRITECHCO.,LDTနို့စားနွား မွေးမြူရေးခြံနှင့် အသစ်ဆောက်လုပ်နေသည့် နို့စားနွားခြံသို့ သွားရောက်ကြည့်ရှုရာ ကုမ္ပဏီတာဝန်ရှိသူများမှရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဦးလှိုင်မြင့်မွေးမြူထားသည့် နို့စားနွားမွေးမြူထားရှိမှုကို သွားရောက်ကြည့်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး