တောင်ကြီး ဇွန်-၆
၂၉.၅၂မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဥ်နှင့်ပတ်သက်၍ မင်းခေတ်သစ် သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်မှ ဇွန်(၆)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လာရောက်ရှင်းလင်းရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဥ်နှင့်ပတ်သက်၍ မင်းခေတ်သစ်သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်တာဝန်ရှိသူတစ်ဦးက တာချီလိတ်မြို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုသန့်စင်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး ၂၉.၅၂မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ အကောင်အထည်ဖော်ဆောင်ရွက်ရန်ရည်ရွယ်ပြီး စီမံကိန်းအချက်အလက်များကို ရှင်းလင်းသွားကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနဆိုင်ရာများက စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကုမ္ပဏီအနေဖြင့် လာရောက်ရှင်းလင်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ MOUစာချုပ်ချုပ်ဆိုနိုင်ရေးနှင့် လိုအပ်သည်များရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြေအသုံးချမှု၊ ရင်းနှီးမြုပ်နှံမှု၊ လျှပ်စစ်ကဏ္ဍတို့တွင်လည်း သက်ဆိုင်ရာဌာနများနှင့် ဆက်စပ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန်ဖြူးရေးအပိုင်းတွင်လည်း မီးလင်းရေးကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသွားကြောင်း သိရသည်။
အဆိုပါမင်းခေတ်သစ်ကုမ္ပဏီမှ တပ်ဆင်ထုတ်လုပ်မည့်ပမာဏ ၂၉.၅၂မဂ္ဂါဝပ်ဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်ရန် လျာထားသည့်နေရာမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး