ညောင်ရွှေ ဇွန်-၁
၂၀၂၅ခုနှစ်ဇွန်လ(၂)ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်နိုင်ရေးနှင့် စာသင်ကြားနိုင်ရေးအတွက် ငလျင်ဒဏ်သင့်ခဲ့သည့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ကေလာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ဇွန်(၁)ရက်နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကေလာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနိုင်ရေးအတွက် ပြင်ဆင်ထားရှိသည့် (KG)တန်း၊ Grade – 1, 2, 3, 4 စာသင်ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာသင်ခန်းရှိ လျှပ်စစ်မီးလိုင်းများ ကောင်းမွန်ရေးအတွက် ပြန်လည်ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရေးအတွက် ဆောင်ရွက်ပေးကြရန်နှင့် ယာယီကျောင်းဆောင်(၆၀´×၃၀´)(၁)ဆောင် ဆောက်လုပ်နေမှုကိုကြည့်ရှု၍ အမြန်ဆုံးပြီးစီးရန် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျွန်းကုလားထိုင်များလည်း ပြုပြင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် လိုအပ်နေသော ကျောင်းအိမ်သာများကိုလည်း အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တာဝန်ရှိသူမျာအား မှာကြားခဲ့ကြောင်းသိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငလျင်ဒဏ်သင့်ခဲ့သော အင်းလေးဖေါင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားရင်ပြင် ကျောက်ပြားခင်းနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်နေမှု၊ ဘုရားရင်ပြင်ပတ်လည် Sheet Pileရိုက်နေမှု၊ စကျင်ကျောက်ပြားများ အရွယ်အစားဖြတ်တောက်ဆောင်ရွက်နေမှု၊ ဖေါင်တော်ဦးဘုရား ပင်မကျောင်းဆောင်အပေါ်ထပ် အပြင်ပတ်လမ်းပြုပြင်ဆောင်ရွက်နေမှု၊ ကျောင်းအောက်ထပ်တိုင်များ ကွန်ကရစ်လောင်းခြင်း ဆောင်ရွက်ပြီးစီးမှုအချို့အား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အမြန်ဆုံးလုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရှရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး