တောင်ကြီး နိုဝင်ဘာ-၁၁
မြူနှင်းများဖုံးလွှမ်းပြီး မှိုင်းညို့တဲ့တောင်တန်းများနှင့်အတူ အေးချမ်းသာယာသည့် ရာသီဥတုနှင့်အညီ မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်ဆိုသည့်အတိုင်း ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၁၁) ရက်၊ ညနေ(၄)နာရီခွဲက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူတို့က စူဠာမုနိလောကချမ်းဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်ပူဇော်ကြပြီး စိန်နားပန်မီးပုံးပျံ (၁) လုံး လွှတ်တင်ပူဇော်ပေးကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် အဝေရာမီးပုံးပျံကွင်းတွင် ဒေသခံအဆိုတော်များမှ ခေတ်ပေါ်တေးဂီတ တီးဝိုင်းဖြင့် ရှမ်းရိုးမကအိုးစည်သံ၊ မြေပြန့်သူလေးနောင်ပိန်နောင်၊ ရိုးရာမပျက်တဲ့မြေသီချင်းများဖြင့် ဖျော်ဖြေတင်ဆင်ကြပြီး ၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးကော်မတီနာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ထို့နောက် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီနာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ (၁၇)ရက်နေ့ထိ (၇) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း မြို့လုံးကျွတ်ဘုံကထိန်ပဒေသာပင် လှည့်လည်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ မီးပဒေသာပင်လှည့်လည်ပူဇော်ပွဲ၊ နေ့လွှတ် မီးပုံးပျံပြိုင်ပွဲခြေနှစ်ချောင်း (၁၄၇) လုံး၊ ခြေလေးချောင်း (၄၀) လုံး၊ အရုပ်အုပ်စု (၂၂) လုံး၊ ယမ်းမီးကြီးညလွှတ်မီးပုံးပျံ (၂၆) လုံး၊ စိန်နားပန် (၂၄) လုံး မီးပုံးပျံပြိုင်ပွဲများကို ကျင်းပပေးသွားမှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၏အထင်ကရတောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးတွင် တိုင်းရင်းသား လူမျိုးစုအားလုံး၏ စည်းလုံးညီညွတ်မှုကို အခြေခံသည့်ပွဲတော်ကြီးတစ်ခုဖြစ်ပါကြောင်း၊ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီးကို တိုင်းရင်းသားလူမျိုးစုညီအစ်ကိုမောင်နှမများအားလုံး စည်းကမ်း တကျနှင့် စည်းလုံးညီညွတ်စွာပူးပေါင်းပါဝင် ဆင်နွှဲကြခြင်းဖြင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်များကို ရေရှည်တည်တံ့ခိုင်မြဲစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုက်တွန်းပြောကြားသွားသည်။
၎င်းနောက် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးကော်မတီနာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က တန်ဆောင်တိုင်ပွဲတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး စိန်နားပန်မီးပုံးပျံ (၁) လုံး လွှတ်တင်ပေး၍ တိုင်းရင်းသား၊ တိုင်းရင်းသူများမှ မီးပုံးပျံအလတ်အလုံး (၅၀)၊ ကျောင်းသား၊ ကျောင်းသူ(၁၀၀၀)ဦးမှ မီးပုံးပျံအသေး(၃၀၀)နှင့် လွှတ်တင်ပေး၍ မီးရှူး၊ မီးပန်းပစ်ဖောက်ပေးကြပြီး တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား အဆိုတော်ဟိန်းကိုမှ ၂၀၁၉ ခုနှစ်၊ တန်ဆောင်တိုင်ဆုရသီချင်းဖြင့်ဖျော်ဖြေ၍ တိုင်းသားယဥ်ကျေးမှု အကအဖွဲနှင့် ပညာရေးဒီဂရီကောလိပ်အကအဖွဲ့မှ တူညီအကဖြင့် တင်ဆက်ဖျော်ဖြေပေးကြကြောင်း သိရှိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ညမီးကြီး (၂၂) ပေ (၂၆) လုံး၊ စိန်နားပန် (၁၈) ပေ (၂၁) လုံး၊ စုစုပေါင်း (၄၇) လုံး၊ နေ့လွှတ်အရုပ်မီးပုံးပျံ အရုပ်ခြေ (၂) ချောင်း (၁၄၇) လုံး၊ အရုပ်ခြေ (၄) ချောင်း (၄၀) လုံး၊ အရုပ်အုပ်စု (၂၂) လုံး၊ စုစုပေါင်း (၂၀၈)လုံးပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး ညလွှတ်မီးပုံးပျံကို နေ့ရက်အလိုက် ည (၆) နာရီမှ ပွဲစဥ်ပြီးဆုံးသည်အထိ လွှတ်တင်သွားမည်ဖြစ်ပြီး နေ့လွှတ်အရုပ်ပြိုင်ပွဲကို နေ့လည် (၁၂) နာရီမှ ညနေ (၄) နာရီအထိ နေ့ရက်အလိုက် လွှတ်တင်သွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့