တောင်ကြီး ဇွန်-၁၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်းအမှတ်စဥ် (၂/၂၀၂၄)နှင့် အခြေခံစာကြည့်တိုက် ပညာသင်တန်း အမှတ်စဥ်(၂/၂၀၂၄) ဖွင့်ပွဲကို ဇွန်(၁၀)ရက် နံနက်(၉)နာရီ က တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာပြီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သော စာကြည့်တိုက်မှူးများ၏ အရည်အသွေးများ တိုးတက်လာစေရန်၊ စာကြည့်တိုက်ပညာကို နားလည်တတ်ကျွမ်းပြီး စာကြည့်တိုက်တစ်တိုက်ကို ကောင်းမွန်စွာ ကိုင်တွယ်ထိန်းသိမ်းနိုင်သည့် စည်းစနစ်ကျသော စာကြည့်တိုက်မှူး ကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သည့် သင်တန်းနှင့်အတူ ရှမ်းပြည်နယ်အတွင်း လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် အခမ်းအနားများ၊ သင်တန်းဖွင့်ပွဲ၊ ဆင်းပွဲများ ဆောင်ရွက်သည့်အခါ စည်းစနစ်ကျနပြီး အရည်အချင်းပြည့်ဝသော မျိုးဆက်သစ် အခမ်းအနားမှူး ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီးဖွင့်လှစ်သည့် သင်တန်းလည်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း မြန်မာနိုင်ငံတဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၄ခုနှစ် ဧပြီလ(၁၀)ရက်နေ့တွင် Community Centre) မှာ ကျင်းပခဲ့သော အလှူငွေ၊ စာအုပ်၊ စာစောင်များ ထောက်ပံ့လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းငွေ ကျပ်သိန်း(၃၀၀) အပါအဝင် စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းငွေ စုစုပေါင်းကျပ်သိန်း (၄၅၈,၂၀၇၈ဝိ/) လေးရာ ငါးဆယ့်ရှစ်သိန်း နှစ်သောင်းခုနှစ်ရာ့ရှစ်ဆယ်ကျပ်) နှင့်စာအုပ်၊ စာစောင်(၂၀၇၂)အုပ်၊ တန်ဖိုးငွေ ကျပ်သိန်း (၁၄၇,၇၁၀၀ဝိ/) တစ်ရာ့ လေးဆယ်ခုနှစ်သိန်း ခုနှစ်သောင်းတစ်ထောင်) လှူဒါန်းမှု စုစုပေါင်း ကျပ်သိန်း(၆၀၅,၉၁၇၈ဝိ/) ခြောက်ရာ့ငါးသိန်းကိုးသောင်း တစ်ထောင်ခုနှစ်ရာ့ရှစ်ဆယ်) ကို ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၄ခုနှစ် မေလ(၈)ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် လှူဒါန်းပွဲတွင် စာကြည့်တိုက်အသစ်များ ဆောက်လုပ်နိုင်ရန်အတွက် တစ်လုံးလျှင် သိန်း(၁၅၀)နှုန်းနှင့် (၃)တိုက်အတွက် ကျပ်သိန်း(၄၅၀) စေတနာရှင်များက စုပေါင်းလှူဒါန်းသည့် စာကြည့်တိုက် အတွက် ကျပ်သိန်း(၉၀၀) စုစုပေါင်း ကျပ်သိန်း(၁၃၅၀)ကိုလည်း လှူဒါန်းပေးအပ်နိုင်ခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သည့် စာကြည့်တိုက် ဆင့်ပွားသင်တန်းကို တက်ရောက်ကြသည့် စာကြည့်တိုက် အသီးသီးမှ စာကြည့်တိုက် တာဝန်ခံများ၊ စာကြည့်တိုက်မှူးများအနေဖြင့် သင်တန်းကနေ သင်ကြားပို့ချပေးခဲ့သော စာကြည့်တိုက် ပညာရပ်များကို စိတ်ပါဝင်စားစွာ နှင့် လေ့လာသင်ယူကြရန်၊ သင်တန်းပြီးဆုံးသည်အထိ မပျက်မကွက်တက်ရောက်ကြပြီး လက်တွေ့ မိမိတို့ တာဝန်ယူ ဆောင်ရွက်နေကြသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူများစာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ အခြေခံစာကြည့်တိုက် ပညာသင်တန်းနှင့် အခမ်းအနားမှူးသင်တန်းများအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ထောက်ပံ့ငွေပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွှန်ရွှေမှ လက်ခံ ရယူပြီး စာရေးကိရိယာပစ္စည်းများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ထောက်ပံ့ ပေးအပ်ရာ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပြီး စာကြည့်ခန်းမသို့ ဝင်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါသင်တန်းသို့ အခမ်းအနားမှူးသင်တန်း တက်ရောက်သူ(၄၈)ဦးနှင့် အခြေခံစာကြည့်တိုက် ပညာသင်တန်းသို့ တက်ရောက်သူ(၅၄)ဦး စုစုပေါင်း (၁၁၂)ဦးတက်ရောက်ကြပြီး သင်တန်းကို ဇွန်လ(၁၀)ရက်မှ(၁၄)ရက်နေ့အထိ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့