Select Page

တောင်ကြီး ဧပြီ-၂၄
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ပုဂ္ဂလိကဆရာ အတတ်ပညာ လက်မှတ်သင်တန်း (မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်) သင်တန်းဖွင့်ပွဲကို ဧပြီ(၂၄)ရက် နံနက်(၉)နာရီက တောင်ကြီးပညာရေးဒီဂရီကောလိပ်၊ ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန လက်အောက်မှာ အခြေခံပညာကျောင်းများအပြင် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်းနှင့် ကိုယ်ပိုင်မူလတန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပါကြောင်း၊ ကိုင်ပိုင်ကျောင်းများရှိ ဆရာအတတ်ပညာ သင်တန်းဆင်းလက်မှတ် မရရှိသေးသည့် ဆရာ၊ ဆရာမများအတွက် ပုဂ္ဂလိက ဆရာအတတ်ပညာ လက်မှတ်သင်တန်းကို ဖွင့်လှစ်ပို့ချရန် ယခု၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှ စတင်ပြီး ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန လက်အောက်ရှိ ပညာရေးဒီဂရီကောလိပ်များကို တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပညာရေးဒီဂရီကောလိပ်များ၏ ဝင်ဆံ့အင်အားအရ တက်ရောက်ခွင့်ပြုမှာဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက် ခွင့်ရရှိ မည့် သင်တန်းသား သတ်မှတ်ချက်တွင် ပါသည့်အချက်ထဲက အရေးကြီးသော အချက်တစ်ချက်မှာ ကိုယ်ပိုင်ကျောင်း တစ်ခုခုတွင် တာဝန်ထမ်းဆောင်လျက်သော ဆရာ၊ ဆရာမများသည် နိုင်ငံရေးကင်းရှင်းမှု ရှိရမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းက ပို့ချသော သင်ကြားနည်းစနစ်များနှင့်တကွ သိသင့်သော အသိပညာများကို သင်တန်းကာလအတွင်း မိမိတို့၏ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ သင်ယူမှတ်သားကြရန် ပြောကြားသည်။
ဆက်လက်၍ သင်တန်းနှင့်ပတ်သက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှ ရှင်းလင်းတင်ပြပြီး မြန်မာ့ရိုးရာအတာသကြင်္န်ပွဲတော် “ရိုးရာယိမ်း-ပြိုင်ပွဲ” ဒုတိယဆုရရှိသော တောင်ကြီးပညာရေး ဒီဂရီ ကောလိပ် “နှစ်သစ်မောင်မယ်” ယိမ်းအဖွဲ့က ဖျော်ဖြေကပြတင်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ် ဆရာမကြီးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။
အဆိုပါ ပုဂ္ဂလိက ဆရာအတတ်ပညာ လက်မှတ်သင်တန်း (မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်) သင်တန်းကို တောင်ကြီးပညာရေးဒီဂရီကောလိပ်တွင် မူလတန်းအဆင့် ကျား(၈)ဦး၊ မ(၁၄၁)ဦး စုစုပေါင်း(၁၄၉)ဦး၊ အလယ်တန်းအဆင့်တွင် ကျား(၃၃)ဦး၊ မ(၁၆၉)ဦး၊ စုစုပေါင်း(၂၀၂)ဦး တက်ရောက်ရန် စာရင်းရရှိထားကြောင်းနှင့် သင်တန်းကာလကို ၂၀၂၄ ခုနှစ်ဧပြီလ(၂၃)ရက်မှ မေလ(၈)ရက်နေ့အထိ (၁၁)ရက် သင်ကြားပို့ချမှာဖြစ်ပြီး စာမေးပွဲ ကာလကို ၂၀၂၄ ခုနှစ် မေလ(၁၁)ရက်မှ (၁၈)ရက်ထိ ဖြေသွားမည်ကြောင်း၊ သင်တန်းမှ ပုဂ္ဂလိကဆရာအတတ်ပညာ လက်မှတ် (မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်) Certificate for Private Teacher (Primary &Lower Secondary Levels) ကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး