
တောင်ကြီး မတ် ၁၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊တောင်ကြီးခရိုင်ပညာရေးမှူး ဒေါ်ယဉ်မင်းစု၊ မြို့နယ်ပညာရေးမှူး ဒေါက်တာ သင်းသင်းခိုင်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ရောက်ရှိလာခဲ့ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့တို့က ကြိုဆိုခဲ့ကြပြီး လိုက်လံရှင်းလင်းတင်းပြခဲ့ခြင်းကို မတ် ၁၃ ရက် နံနက် ၁၀ နာရီအချိန်က သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အသက် ၁၆ နှစ်မှ ၁၈ နှစ်အောက်ရှိ လူငယ်မောင်မယ်များအား မိသားစုများအတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်း များရရှိစေရန် ရည်ရွယ်၍အဆင့်မြင့်စက်ချုပ်၊ လူသုံးကုန်နှင့်အလှကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲကို မတ် ၁၃ ရက် မွန်းလွဲ ၃ နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမ၌ သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် က အဖွင့်အမှာစကား ပြောကြားခဲ့ သည်။ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် က အဆင့်မြင့် စက်ချုပ်သင်တန်းသူများအား ကိုယ်စား သင်တန်းသူတစ်ဦးက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်း၊ ရှမ်းပြည်နယ်ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၊ အတွင်းရေးမှူး၊ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး က လူသုံးကုန်နှင့် အလှကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းသူများအား ကိုယ်စားတစ်ဦးက သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ပါသည်။ သင်တန်းသူများ ကိုယ်စား သင်တန်းသူ နန်းချိုချဉ် က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်သူများ၊ ကျောင်းအုပ်ကြီးများ ၊သင်တန်းသူများ စုပေါင်း၍အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ သင်တန်းသူများ လက်တွေ့သင်ကြားထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး