
တောင်ကြီး မတ်-၁၅
ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် နယ်စပ်ဖြတ်ကျော် မီးခိုမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို မတ်(၁၅)ရက်မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြန်မာနိုင်ငံသည် နှစ်စဥ်နှစ်တိုင်း တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှု Fire Hotsportဖြစ်ပေါ်မှု အရေအတွက် များပြားလာခြင်းကို ရင်ဆိုင်ကြုံတွေ့နေရပြီး ၂၀၁၃ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ တိုင်းဒေသကြီး၊ ပြည်နယ်များ၌ နှစ်စဥ်အလိုက်ဖြစ်ပေါ်သော Fire Hotspotများတွင် ရှမ်းပြည်နယ်၌ အများဆုံးတွေ့ရှိရပြီး တစ်နိုင်ငံလုံး၏ (၃၅.၄၀%)ခန့်ရှိပါကြောင်း၊ ASEAN Specialized Center(ASMC)မှရရှိသည့် အချက်အလက်များအရ လေ့လာတွေ့ရှိရပါကြောင်း၊ မီးလောင်မှု Fire Hotspotများဖြစ်ပေါ်ရခြင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းအရင်းများမှာ တောမီးလောင်ကျွမ်းခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် တောင်ယာမီးရှို့ခြင်းနှင့် စိုက်ခင်းများမီးရှို့ခြင်း၊ သိမ်းဆည်းပြီးအမှိုက်များအပါအဝင် လူနေအိမ်များမှ စွန့်ပစ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်း စသည့်တို့ကြောင့်ဖြစ်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ကာလကြာရှည်စွာဖြစ်ပေါ်ပါက လေထုအရည်အသွေးကျဆင်းခြင်း၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်ခြင်း၊ ဒေသခံပြည်သူလူထုကို ကျန်းမာရေးထိခိုက်စေနိုင်ခြင်း၊ အသက်ရှုလမ်းကြောင်းရောဂါများ၊ နာတာရှည်ရောဂါများခံစားရနိုင်ခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ၂၀၂၃ခုနှစ်၊ ဧပြီလမှ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလအထိ တောမီးနှင့် အခြားမီးများ လောင်ကျွမ်းမှု ထိန်းချုပ်နိုင်ရေးအတွက် ဆက်စပ်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနတို့မှ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၃ခုနှစ် မတ်လနှင့် ဧပြီလအတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်စဥ်အနေဖြင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဖြစ်ပေါ်ခဲ့ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သော လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မိမိတို့နိုင်ငံရှိ တောင်ပေါ်ဒေသများ၌ တောင်ယာစိုက်ခင်းများ မီးရှို့ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်း စွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ စွန့်ပစ်အမှိုက်များ မီးရှို့ခြင်းတို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှု Fire Hotspotအရေအတွက် လျှော့ချနိုင်ရန်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်နိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးနှင့် ဒေသနေလူထုအနေဖြင့် ညွှန်ကြားချက်များမလိုက်နာပါက အရေးယူဆောင်ရွက်မည့် အစီအစဥ်များပါဝင်သော လုပ်ငန်းစီမံချက် (ActionPlanl)ပါ လုပ်ငန်းစဥ်များအား သက်ဆိုင်ရာဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ ဒေသခံပြည်သူလူထုတို့ဖြင့် မီးခိုးငွေ့ညစ်ညမ်းမှု လျှော့ချရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်းမှ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး