
တောင်ကြီး အောက်တိုဘာ – ၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော် ဉက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပသော ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီး ပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့ တက်ရောက် ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ယနေ့ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ကို အနှစ်သာရပြည့်ဝစေရန်အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ယခုနှစ် အတွက် ဆောင်ပုဒ်ကို သက်ရှည်ကျန်းမာ ခေတ်သစ်ဆီ စနစ်သစ်များဖြင့် လျှောက်လှမ်းမည် ဆိုသည့် အဓိပ္ပာယ်နှင့် The Age of Longevity : Rethinking Systems for Longer Lives အဖြစ် သတ်မှတ် ထားပါကြောင်း သက်ကြီးပုဂ္ဂိုလ်များသည် လေးစားထိုက် ဂုဏ်ပြုထိုက်သူများဖြစ်၍ အခမ်းအနား ကျင်းပပေးရုံသာမက သက်ကြီးပုဂ္ဂိုလ်များ၏ဘဝ အမှန်တကယ်လုံခြုံစေရေးနှင့် သက်ကြီးပုဂ္ဂိုလ်များ၏ စွမ်းအားကို နိုင်ငံတော် တည်ဆောက်ရေးဖြစ်စဉ်မှာ ထည့်သွင်းအသုံးပြုသွားနိုင်ရေးအတွက် အခွင့် အလမ်းများ ဖန်တီးပေးကြရန် ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးပို့လာသော Video Clip ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ဘိုးဘွားများအား ဂုဏ်ပြုပူဇော်ကန်တော့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်း အနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရာမှာ ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးကို ရည်မှန်းပြီး နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုရသည့် မိမိအလုပ်ကို တန်ဖိုးထားဂုဏ်ယူစွာနှင့် ကြိုးပမ်းလုပ်ဆောင်သွားကြရန်၊ နယ်မြေရဲစခန်းအဆင့်မှ ပြည်နယ်အဆင့် အထိ နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို ကျေပြွန်စွာ ထမ်းဆောင်ရင်း ရဲစည်းကမ်း၊ ရဲကျင့်ဝတ်များနှင့်အညီ စံပြ ပြုမှုဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ် ပြည်သူလူထုတစ်ရပ်လုံးက လေးစားအားကိုးရသည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရေးနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် လေ့ကျင့်သားပြည့်ဝသော၊ အဂတိ ကင်းသော၊ ပြည်သူချစ်သော ရဲဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
၎င်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာအား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်က ဖတ်ကြားသည်။ ယင်းနောက် ထူးချွန်တပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြု ချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်တစ်ဦး၊ တစ်ဆင့်မြှင့်ရာထူး တိုးမြှင့်ခြင်းခံရသူတပ်ဖွဲ့ဝင်တစ်ဦးကို ဆုများပေးအပ်ချီးမြှင့်ပြီး တောင်ကြီးမြို့နယ်ရှိ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ရာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်က လက်ခံရယူကြသည်။
ဆက်လက်၍ ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်များ၊ တစ်ဆင့်မြှင့် ရာထူး တိုးမြှင့်ခြင်းခံရသူများအား ရှမ်းပြည်နယ်လွှတ်တော် ဉက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း တို့ကလည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်း လက်မှတ်ရရှိသူတစ်ဦးအား ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက လည်းကောင်း အသီးသီး ချီးမြှင့်ပေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရူအားပေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့