Select Page

တောင်ကြီး စက်တင်ဘာ – ၂၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော် ဉက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ် တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် စွမ်းဆောင် ရည်ကောင်းမွန်သော မြို့နယ်၊ အခြေခံ ပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းတို့အား ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည် ဆောက်ရာမှာ လူသားအရင်းအမြစ်ဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ လိုအပ်ပါ ကြောင်း၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်နိုင်ရန် ပညာ ရေးကို အဓိက ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် မိဘ၊ ဆရာ၊ ကျောင်းသား ကျောင်းသူများ စည်းလုံးညီညွတ်စွာဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်ပြည့်စုံတဲ့ ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင် ပေးဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကျောင်းသားလူငယ်များရဲ့ သင်ယူမှုအခွင့် အလမ်းများ အပြည့်အဝရရှိအောင် မိဘပြည်သူများကလည်း မိမိတတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ကြဖို့ လိုအပ် ပါကြောင်း၊ ဆရာ၊ဆရာမများအနေနဲ့လည်း အတန်းစဉ်တိုင်းမှာ အရည်အသွေးပြည့်ဝတဲ့ တပည့်များဖြစ်လာ အောင် အထူးဂရုစိုက် သင်ကြားပြသပေးသွားရမှာဖြစ်တဲ့အပြင် ကျောင်းသား၊ ကျောင်းသူများကို မှန်ကန်တဲ့ အတွေးအခေါ်ရှိပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ လူတော်လူကောင်းများ ဖြစ်ထွန်းလာစေရန်အတွက် ပိုမိုကြိုးပမ်းအားထုတ်သွားကြရမှာ ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက် နိုင်ရေး၊ “ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေး၊ ကျောင်းနေမြဲပြီး တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားရေး နှင့် အနည်းဆုံး(KG+9) ပြီးမြောက်နိုင်ရေးတို့အတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေနဲ့လည်း အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြပြီး နောင်တချိန်မှာ နိုင်ငံ့တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်နိုင်တဲ့ ထူးချွန်သော လူသားအရင်းအမြစ်များ ဖြစ်လာအောင် ဆက်လက် ကြိုးစားကြပါလို့ တိုက်တွန်းပါကြောင်းပြောကြားသည်။
ထို့နောက် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးတွင် အောင်ချက် အကောင်းဆုံး ပြည်နယ်ဆု၊ မြို့နယ်ဆု၊ ကျောင်းဆု၊ ကိုယ်ပိုင်ကျောင်းဆု ရရှိသူများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက လည်းကောင်း၊ (၆)ဘာသာဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအား ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ ဇနီး၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းစိုးစိုးထွေး၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က လည်းကောင်း၊ (၅) ဘာသာဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအား ပြည်နယ် ဝန်ကြီးများက လည်းကောင်း၊ မြို့နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများကလည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရှိရသည်။
၎င်းနောက် ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ဘက်စုံပညာ ကိုရည်တို့လှမ်းချီ သီချင်းဖြင့် သီဆိုဖျော်ဖြေကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆုရ ကျောင်းသူကျောင်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့