
တောင်ကြီး စက်တင်ဘာ-၂၁
၂၀၂၆ခုနှစ်၊ ရှမ်းပြည်နယ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြည်နယ်အဆင့်ပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာ(၂၁)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ တောင်ကြီး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်းစိုးစိုးထွေးနှင့် ပြည်နယ်ဝန်ကြီးများ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထိုနောက် ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်ရွယ် ချက်များနှင့်အတူ ရှမ်းပြည်နယ်၏ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊ အရေး၊ အတီး ပြိုင်ပွဲကို စက်တင်ဘာလ(၂၁)ရက်နေ့နှင့် (၂၂)ရက်ထိ နှစ်ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း နယ်မြေဒေသ(၃)ခုမှ ပြိုင်ပွဲဝင်ဦးရေ (၂၈၆)ယောက် ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပြိုင်ပွဲ၏ အဓိက ရည်ရွယ် ချက်ဖြစ်သည့် အရည်အချင်းပြည့်ဝသော ရွက်ပုန်းသီး အနုပညာရှင်များကို ပြည်နယ်ပြိုင်ပွဲမှာ စိစစ် ရွေးချယ်သွားရန် လိုအပ်မှာဖြစ်ပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲကို ရှမ်းပြည်နယ်မှ အောင်မြင်စွာ ဝင်ရောက် ယှဥ်ပြိုင်နိုင်စေရန် ယခုလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များအားလုံး ပါဝင်သော ပြည်နယ် အဆင့် ပြိုင်ပွဲကြီးကို ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
၎င်းနောက် တောင်ကြီးမြို့၊ အမှတ်(၄) အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ရှမ်းတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြိုင်ပွဲဝင် အမျိုးသားအက၊ အဆို ပြိုင်ပွဲများကို ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ် ဝန်ကြီးများ ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက နှင့် အခမ်းတက်ရောက်လာသူများက ကြည့်ရှု အားပေးကြသည်။
အဆိုပါ ရှမ်းပြည်နယ်အဆင့်(၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆိုပြိုင်ပွဲ(၄၂)ဦး၊ အကပြိုင်ပွဲ(၂၂၀)ဦး၊ အရေးပြိုင်ပွဲ(၁)ဦး၊ အတီးပြိုင်ပွဲ(၂၃)ဦး စုစုပေါင်း(၂၈၆)ဦး ပါဝင်ယှဥ်ပြိုင် ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့