
တောင်ကြီး စက်တင်ဘာ-၁၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ(၁၆)ရက် နံနက်ပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ၂၀၂၆ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနား တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ကျင်းပ ရသည့် ရည်ရွယ်ချက်မှာ ကမ္ဘာမြေပေါ်သို့ နေရောင်ခြည်မှကျရောက်သော အန္တရာယ်ရှိသည့် ခရမ်းလွန် ရောင်ခြည်များမှ ကာကွယ်ပေးနေသည့် အိုဇုန်းလွှာ၏ အရေးပါမှုကို ပြည်သူများပိုမိုသိရှိနားလည် လာစေရန်နှင့် အိုဇုန်းလွှာကို ပျက်စီးစေသည့် ပစ္စည်းများကို ထိန်းချုပ်လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် နိုင်ရန်ဖြစ်ပါကြောင်း၊ ယခုနှစ်ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ “Global Action for A Cooler Planet ကမ္ဘာမြေပိုမိုအေးမြဖို့ ပူးပေါင်းဆောင်ရွက်စို့” ဆောင်ပုဒ်သည် ကျန်းမာသန့်ရှင်းပြီး ပိုမိုအေးမြသည့် ကမ္ဘာမြေ တစ်ခု ဖန်တီးဖို့ အားလုံးကို တိုက်တွန်းနေသည့် သတင်းစကား တစ်ရပ်လည်း ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip ပြသရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသည့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမဆုရရှိသူအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက လည်းကောင်း၊ ဒုတိယဆု ရရှိသူအား ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် ကလည်းကောင်း၊ တတိယဆုရရှိသူအား ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင် ကလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသော လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ နာယက ပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက မိသားစုများအတွက် ပိုမိုကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်း အလုပ်ကိုင် အခွင့်အလမ်းများရရှိရေး၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးများကို မိမိဘဝ ရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက်စေရေး၊ အန္တရာယ်ရှိသည့် အလုပ်အကိုင်များမှ ကလေးအလုပ်သမား ပပျောက်စေရေးတို့အတွက် ရည်ရွယ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သက်မွေးပညာရပ် သင်ယူခွင့်ရခြင်းကို ဂုဏ်ယူမြတ်နိုးတန်းဖိုးထားစရာအဖြစ် မှတ်ယူကြရန်နှင့်သင်တန်းမှရရှိမည့် နည်းပညာများ နှင့် တစ်ပိုင်တစ်နိုင်အိမ်တွင်းမှုလုပ်ငန်းမှ အစပြုပြီး မိမိဘဝရပ်တည်နိုင်ရေး ဆောင်ရွက် နိုင်စေရန်အတွက် အားသွန်ခွန်စိုက်ကြိုးစား သင်ယူကြရန်ပြောကြားသည်။
ထို့နောက်ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သင်တန်းအတွက် စားသောက်စရိတ်နှင့် ဆန်ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လူသုံးကုန်နှင့်အလှကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဆရာမထံ သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကို ပေးအပ်၍လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဆရာမထံ သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော သင်တန်းတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများကို ကြည့်ရှုကြပြီး သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရှမ်းပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးရေး လုပ်ငန်းကော်မတီ၏ လူသုံးကုန်၊ အလှကုန်နှင့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲတွင် သင်တန်းသား၊ သင်တန်းသူ(၆၀)ဦး တက်ရောက်ကြပြီး သင်တန်းကို စက်တင်ဘာ(၁၆)ရက် နေ့မှ (၂၂)ရက်နေ့ထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့