Select Page

တောင်ကြီး စက်တင်ဘာ-၁၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော် ဉက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ(၁၅)ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ၂၀၂၆ခုနှစ် တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင် အသင်းများအား ကြိုဆို မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဝင် အသင်းများ ဖြစ်ကြသော ကချင်ပြည်နယ်အသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ မကွေးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည် နယ်အသင်းတို့မှ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊အားကစားသမားများမှ အသင်းလိုက်မိတ်ဆက်ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ်အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိသည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်မှာရှိတဲ့ ကစားသမားအသီးသီးရဲ့ မတူကွဲပြားသည့် ကစားပုံ ကစားဟန်များကို လေ့လာဖလှယ်နိုင်စေခြင်း၊ မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသ မခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေနိုင်ခြင်း၊ ဒေသအသီးသီးက ပြိုင်ပွဲဝင်များအနေဖြင့် ရှမ်းပြည်နယ် ယဥ်ကျေးမှုဓလေ့စရိုက်၊ ဒေသန္တရဗဟုသုတများ လေ့လာခွင့်ရရှိစေခြင်း စသည့် ရင်းနှီးမှုတွေ ရရှိမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြိုင်ပွဲကာလသာမက ပြိုင်ပွဲပြီးဆုံးလို့ မိမိနေရပ်၊ နေရာများကို ပြန်ရောက်ချိန်အထိ စိတ်ချမ်းသာပျော်ရွှင်စွာ ပြိုင်ပွဲဝင်နိုင်ရေးကို အဖက်ဖက်က စောင့်ရှောက် ပေးသွားမှာဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအားလုံးကိုကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါကြောင်းပြောကြားသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများအား လက်ဖက်ရည် ပွဲဖြင့် တည်ခင်းဧည်ခံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရှိ ရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသော ၂၀၂၆ခုနှစ် တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ယခင်နှစ်တန်ဆောင်တိုင်ပွဲတော်၏ အားနည်းချက်၊ အားသာချက်များကို ကြည့်၍ ပိုမိုကောင်းမွန်အောင် ကော်မတီအဖွဲ့ဝင်များ၊ မီးပုံးပျံပညာရှင်များမှ ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ယခုနှစ်တွင်လည်း တန်ဆောင်တိုင်ပွဲတော်ကို ရိုးရာဓလေ့နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ သက်ဆိုင်ရာကော်မတီများမှ တာဝန်ရှိသူများက ဆောင်ရွက်မည့် အစီအမံ လိုအပ်ချက်များအား စနစ်တကျ တင်ပြရန်လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးတင်ပြကြပြီး အထွေထွေ ဆွေးနွေးကြကာ တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့