Select Page

တောင်ကြီး စက်တင်ဘာ – ၁၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ(၁၂)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ဒေသခံပြည်သူများက ဆေးရုံဝန်းအတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများအတွင်း အမှိုက်များ ဆည်ယူခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆေးရုံဝန်းအတွင်း ဆေးရုံ၊ ပန်းခြံနှင့်(၅)ထပ် ဆေးကုသဆောင်အသစ်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လည်းကောင်း၊ မူးယစ်ကုသဆောင်နှင့် သူနာပြုဆောင်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လည်းကောင်း၊ ငုဝါဆောင်၊ စပယ်ဆောင်နှင့် ဂန္ဓမာဆောင်တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံ အဆောက်အဦနှင့်မလွတ်ကင်းသည့် သစ်ကိုင်း၊ သစ်ခက်များကို ခုတ်ထွင်ရှင်းလင်းပေးနိုင်ရန် သက်ဆိုင်ရာဌာန တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေး အထူးကုဆေးရုံ၌ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များ၊ စာရေး ဝန်ထမ်းများ၊ မိသားစုဝင်များမှ စုပေါင်းသွေးလှူဒါန်းနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးစကားပြောကြားပြီး တပ်ဖွဲ့ဝင်များအား အာဟာရပြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
၎င်းနောက် လှူဒါန်းရရှိသော သွေးအိတ်များကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးချုပ်ကျော်ကျော်ဟန်က ပေးအပ်ရာ တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်သိန်းမှ လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ကြက်ဥများပေးအပ်ရာ ဆေးရုံအုပ်ကြီးမှ လက်ခံရယူကြောင်း သိရှိရသည်။
အဆိုပါ (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ မိသားစုဝင်များ စုစုပေါင်းအင်အား(၁၂၂)ဦး စုပေါင်း သွေးလှူဒါန်း ပေးကြကြောင်း သိရှိရသည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့