Select Page

တောင်ကြီး စက်တင်ဘာ-၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ(၉)ရက် နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ အမှတ်(၁) အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းနေအရွယ် ကျောင်းသား၊ကျောင်းသူများအား နွားနို့တိုက်ကျွေးခြင်း “School Milk Program” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ယနေ့အခမ်းအနားသည် တောင်ကြီးမြို့နယ်အတွင်းရှိ “School Milk Program” အစီအစဥ်ဖြင့် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ၏ အာဟာရပြည့်ဝမှုနှင့် ကျန်းမာဖွံ့ဖြိုးမှုကို အားပေးရန်ရည်ရွယ်၍ ပေါင်းတင်ပိုးသတ်ပြီး အသင့်သောက် နွားနို့များအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း စတင်၍ တိုက်ကျွေး ဆောင်ရွက်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ အေးသာယာမြို့ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး အထက်တန်းကျောင်း၊ ကွန်လုံကျေးရွာအုပ်စုရှိ ရေပူကျေးရွာ အထက(ခွဲ)နှင့် ကျောက်နီ ကျေးရွာအုပ်စု ကျောက်နီကျေးရွာ အထက(ခွဲ)၊ စုစုပေါင်းကျောင်း(၃) ကျောင်းတွင် ပညာသင်ကြား နေသော ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၃၅၃)ဦးတို့အတွက် ၂၀၂၆ ခုနှစ် စက်တင်ဘာလမှ စတင်၍ ဒီဇင်ဘာလအထိ တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ပေါင်းတင်ပိုးသတ်ပြီး အသင့်သောက် နွားနို့(၃၀၀)စီစီ/ (၁၈.၅)ကျပ်သားရှိ နွားနို့ဗူးရေ (၉၇၀၀) ဗူးအား သတ်မှတ်အချိန်ကာလအလိုက် တိုက်ကျွေးနိုင်ရန် ရည်မှန်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီမံဆောင်ရွက်ရာတွင် ပါဝင်သည့် ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် သက်ဆိုင်ရာဌာနများ ပါဝင်ကူညီလှူဒါန်းပေးပါသော သက်ဆိုင်ရာ ကော်မတီ၊ မွေးမြူရေးလုပ်ငန်းကုမ္ပဏီနှင့် မွေးမြူသူအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပေါင်းတင်ပိုးသတ်ပြီး အသင့်သောက်နွားနို့များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဆရာမနှင့် ကျောင်းသား၊ကျောင်းသူအားလည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းစိုးစိုးထွေးနှင့် ပြည်နယ် ဝန်ကြီးများက ဆရာမ၊ကျောင်းသား၊ကျောင်းသူအားလည်းကောင်း အသီးသီးပေးအပ်ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် ပေါင်းတင်ပိုးသတ်ပြီး အသင့်သောက် နွားနို့ဗူးများကို ကျောင်းသား၊ကျောင်းသူများထံ ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အေးသာယာရှိ ပေ ၉၀ ပေ ၃၀ (၁)ထပ် RCC စာသင်ဆောင်အသစ်ဆောက် လုပ်နေမှုကိုကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ကလိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အေးသာယာမြို့၊ စက်မှုဇုန်ရှိ စုတ်ဖွား ရွက်ဖျန်းမြေသြဇာ ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူတစ်ဦးက ရွက်ဖျန်းမြေသြဇာ ထုတ်လုပ်ရေးစက်ရုံနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်ရုံ၌ ရွန်းဖျန်းမြေသြဇာဆေးထုတ်လုပ်မှု အဆင့်ဆင့်ကို ကြည့်ရှုခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဟဲဟိုးမြို့ စုတ်ဖွားရွက်ဖျန်းမြေသြဇာ အသုံးပြုစိုက်ပျိုးထားသော စံပြစိုက်ခင်းအား သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမ၌ မန်နေဂျင်း ဒါရိုက်တာ ဦးမင်းဟိန်းခန့်က စုတ်ဖွားရွက်ဖျန်းမြေသြဇာ၏ အကျိုးပြုအသုံးဝင်မှုနှင့် စပ်လျဥ်း၍ ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး စုတ်ဖွားရွက်ဖျန်းမြေသြဇာအသုံးပြု၍ စံပြစိုက်ပျိုးထားသော သကြားမုန်လာစိုက်ခင်း၊ ပဲပုပ်စိုက်ခင်း၊ ဖရုံသခွားစိုက်ခင်းကို လည်းကောင်း၊ နေကြာစိုက်ခင်း၊ ငရုပ်ပွစိုက်ခင်း၊ ကညွတ်စိုက်ခင်းတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့