
တောင်ကြီး စက်တင်ဘာ-၈
၂၀၂၆ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာ(၈)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက “စာတတ်မြောက်ရေး ဝိုင်းကူပေး”သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်သည်။ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ကျောင်းပြင်ပရောက်ရှိနေသည့် ကလေးများအတွက် ကျောင်းပြင်ပ မူလတန်းပညာရေး၊ ကျောင်းပြင်ပအလယ်တန်းပညာရေး အစီအစဉ်များအပြင် အသက်၁၅ နှစ် နှင့် အထက် အသက်အရွယ်များအတွက် အခြေခံစာတတ်မြောက်ရေး အစီအစဉ်များ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေး၏ အခြေခံဖြစ်သည့် စာတတ်မြောက်ရေး လှုပ်ရှားမှုမှ တဆင့် စာတတ် မြောက်ခြင်းရဲ့ အကျိုးဆက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု လျော့နည်းခြင်း၊ အလုပ်အကိုင်အခွင့် အလမ်း ရရှိခြင်း၊ မိခင်နှင့်ကလေးသူငယ်များ ကျန်းမာရေးအသိများ တိုးပွားခြင်း၊ ခေတ်မီ နည်းပညာရပ်များ ဆက်လက် ဆည်းပူးနိုင်ခြင်း၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိခြင်းစသည့် အခွင့်အလမ်းကောင်းများ ရရှိအောင် အားလုံး ဝိုင်းဝန်းကြိုးပမ်းပြီး လူတိုင်းစာတတ်မြောက်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်အလေးအနက် ထားဆောင်ရွက်သွားကြရန်ပြောကြား သည်။
၎င်းနောက် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဥ်မင်းစုက ဖတ်ကြားပြီး ၂၀၂၆ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင်ရွက်မှု (VIDEO CLIP) ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများက ကြည့်ရှုအားပေး ကြသည်။
ယင်းနောက် ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တောင်ကြီးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “အနာဂတ်မျှော်တွေး စဥ်ဆက်ပညာရေး” သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပညာရေး ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့