လင်းခေး မေ-၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အဆင့် ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူတို့သည် မေ(၃)ရက် မွန်းတည့် (၁၂)နာရီခွဲက သံလွင်မြစ်ကူးတံတား (တာဆွတ်တိန်း) စီမံကိန်းရှင်းလင်းဆောင် ခန်းမသို့ ရောက်ရှိရာ တံတားဆိုင်ရာအချက်အလက်များအား တံတားဆည်ဆောက်ရေး(၄) ညွှန်ကြားရေးမှူး ဦးသိန်းနိုင်မှ ရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ဝမ်ဟတ်-ဝမ်စလောင်း- တာစွတ်တိန်း-ဟိုမိန်း လမ်းပေါ်ရှိ သံလွင်တံတား (တာဆွတ်တိန်း) ချဉ်းကပ်လမ်းနှင့်ပတ်သတ်သည့်အချက်အလက်များကို ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရဇော်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟိုမိန်းမြို့ရှိ နောင်လုံကန်မှ ရေအားလျှပ်စစ်ဖြန့်ဖြူး ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လျှပ်စစ်မှူးမှရှင်းလင်းပြီး ရေအားလျှပ်စက်ရုံအတွင်း လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
ဆက်လက်၍ ဟိုမိန်းမြို့မီးသတ်စခန်း၌ ဟိုမိန်းမြို့ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးဆောင်မှ ဟိုမိန်းမြို့ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး မြို့လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လမ်းညွှန်အမှာစကားပြောကြားရာ ဟိုမိန်းမြို့သည် မြို့ငယ်တစ်ခုဖြစ်၍ မြို့ဖွံ့ဖြိုးတိုးတက်အောင် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက်ဟိုမိန်းမြို့ဌာနဆိုင်ရာများအတွက် စားသောက်ဖွယ်ရာများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း တို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့