
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း
တောင်ကြီး ဇန်နဝါရီ – ၁၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ(၁၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးတက္ကသိုလ် ကျိုင်းတုံခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကျောင်းများပြန်လည်ဖွင့်ပြီဖြစ်၍ အားကစားကဏ္ဍတွင် ပစ္စည်းများ လိုအပ်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကလည်း အားကစားဆောင်ရွက်မှသာ တစ်ဖက်တွင်လည်း စာကိုကြိုးစား နိုင်မည်ဖြစ်ကြောင်း၊ ကျောင်းများပြန်လည်ဖွင့်သည့်အတွက် ပြက္ခဒိန်နှစ်အလိုက် ကစားရမည့် အားကစားနည်းများ ပေါ်လာမည် ဖြစ်ကြောင်း၊ Outdoor Fitness Instument ပစ္စည်းများကို ဆရာဆရာမများအပါအဝင် ကျောင်းသားကျောင်းသူများ သွားလာ လွယ်ကူသည့်နေရာများတွင် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်၊ ဆောင်ရွက်ပေးရန်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလိုပူးပေါင်းဆောင်ရွက်မှသာ အနာဂတ်ကလေးသူငယ်များ အောင်မြင်စွာ မွေးထုတ် ပေးနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးတွင် အနှောင့်အယှက်မဖြစ်အောင် အားကစားကဏ္ဍ တွင်လည်း ကောင်းမွန်စွာလေ့ကျင့်နိုင်ရန် သက်ဆိုင်ရာတက္ကသိုလ်မှ ဆရာ၊ ဆရာမများက ပူးပေါင်းကာကွယ်စောင့်ရှောက် ပေးမှသာ လုပ်ငန်းများ အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ အားလုံးက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အားကစားနှင့်လူငယ်ရေးရာဌာန တို့နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပေးအပ်ရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုကိုနိုင်မှ လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းမှုတွင် Outdoor Fitness Instument (၄)စုံ၊ ပိုက်ကျော်ခြင်းအခင်းပြား (၁)စုံ၊ ပိုက်ကျော်ခြင်းတိုင်စင် (၁)စုံ၊ ဘော်လီဘောတိုင်စင် (၁)စင်၊ စားပွဲတင်တင်းနစ်ခုံ (၂)စုံ၊ ဘောလုံးအလုံး (၂၀)၊ ဘော်လီဘော အလုံး(၂၀)၊ ပိုက်ကျော်ခြင်းအလုံး(၂၀) စုစုပေါင်းတန်ဖိုး ကျပ်သိန်း(၁၄၀)ခန့် လှူဒါန်းပေးကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့