တောင်ကြီး            ဇူလိုင် – ၁၈
တောင်ကြီးမြို့ပေါ် ဆိုင်ကယ်ပျောက်ဆုံးမှုများအား  ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ စီမံလမ်းညွှန် ချက်ဖြင့် ဖော်ထုတ်ဖမ်းဆီးရေးအစီအမံများရေးဆွဲပြီး ဆောင်ရွက်လျက်ရှိရာ ၂၃-၆-၂၀၂၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် တောင်ကြီးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် ဝင်းဇော်ထွန်း ဦးစီး အဖွဲ့သည် တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ရွှေအင်းလေး ဆေးခန်းရှေ့တွင် GPS စနစ်တပ်ဆင်ထားသည့် ထောင်ချောက်ဆင်ထားရှိသော ၇၂ယ/ ၂၈၂၂၊  နံပါတ်ပါ HONDA အမျိုးအစား အစိမ်း/အနက်ရောင်ဆိုင်ကယ်အား စောင့်ကြည့်နေစဉ် ဆိုင်ကယ်(၁)စီးဖြင့် လူ(၂)ဦး ရောက်ရှိလာပြီး တစ်ဦးက မာစတာကီး သော့အတုဖြင့်ဖွင့်၍ ခိုးယူမောင်းနှင် ထွက်ပြေးသွား၍ ကြိုတင်စီစဉ်ထားသည့် GPS စနစ်အား ခြေရာခံစောင့်ကြည့်ဖော်ထုတ်ခဲ့ရာ တောင်ကြီးမြို့မှ အေးသာယာမြို့ဘက်သို့ မောင်းနှင်သွားသဖြင့် ရဲအုပ် ဝင်းဇော်ထွန်းက ဖမ်းဆီးရေးအဖွဲ့များသို့ ဆက်သွယ်ချိတ်ဆက်၍ ပြစ်မှုကျူးလွန်သူများအား လိုက်လံဖမ်းဆီးခဲ့ရာ အေးသာယာ ဂေါက်ကွင်းရှေ့၌ ဆိုင်ကယ်ခိုးယူသူမှ ဆိုင်ကယ်အားထား၍ ထွက်ပြေးသွားခဲ့ရာ အေးသာယာ-ရွှေညောင်အစပ် စိတ္တသုခဘုန်းကြီးကျောင်းအနီး၌ သန်းနိုင်(ခ)မူဆာ၊ ၁၉နှစ်၊ (ဘ)ဦးသန်းဌေး၊ ကျပန်းလုပ်၊ အမှတ် (၄၀၅)၊ ချမ်းအေးသာယာရပ်ကွက်၊ မိတ္ထီလာမြို့နေသူ (ဆိုင်ကယ်ခိုးမှုဖြင့် ထောင်မှလွှတ်လာသူ)အား ဆိုင်ကယ်ခိုးယူရာတွင် အသုံးပြုသည့် မာစတာကီး သော့အတု တစ်ချောင်း၊ တီပုံစံ သုံးဂွင်း တစ်ချောင်း၊ တစ်ဖက်ချွန် သံဂွတစ်ချောင်း တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့ပါသည်။ 
ဖမ်းဆီးရမိသည့် သန်းနိုင်(ခ)မူဆာအား စစ်ဆေးခဲ့ရာ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များ အတွင်း ဆိုင်ကယ်များ ခိုးယူခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းနှင့်အတူ ပြစ်မှု ကျူးလွန်ခဲ့သည့် စိုးထွန်း(ခ)ဇာနည်(ခ)အဖဇား၊ ၃၄နှစ် (ဘ)ဦးစိုးစိုး၊ အမှတ်(၃၄၀)၊ နယ်မြေ(၄)၊ စိန်ပန်းရပ်ကွက်၊ တောင်ကြီးမြို့နေသူအား အေးသာယာမြို့၊ ကားကြီးကွင်းရှိ စောစံ တည်းခိုခန်းတွင် ထပ်မံဖမ်းဆီးရမိပြီး တောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိ၍ ခိုးယူထားသည့် ဆိုင်ကယ်(၈)စီးအား ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ပြီး ဆိုင်ကယ်ခိုးယူခံရမှုများဖြင့် ဆက်လက် ဖော်ထုတ်လျက်ရှိပါသည်။ 
ရှမ်းပြည်နယ်အစိုးရအဖွဲ့