ဟိုပုံး မတ်-၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ‌ကျောင်းသူ များအား သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဧပြီလ(၃၀)ရက် နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေး‌ဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေက သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချ‌ရေး၊ ရေဝေရေလဲ ဒေသထိန်းသိမ်းရေးလုပ်ငန်းများအကြောင်းဟောပြောခြင်း၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်း ဟောပြောခြင်းနှင့် သစ်တောပျိုးဥယျာဉ်တွင် ပျိုးထောင်ခြင်း လုပ်ငန်း စဉ်များအား ရှင်းလင်းပြသခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထိုနောက် မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဥ်လဲ့လဲ့မွန်က ရာသီဥတုပြောင်းလဲရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့ကြသည်။ အဆိုပါ အသိ ပညာပေးဟောပြောပွဲတွင် နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီး သင်ပညာရေး ကျောင်းမှ ဆရာ/ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရ သည်။
ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေနှင့် တာဝန်ရှိသူများသည် နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီး သင်ပညာရေး ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဟိုပုံးမြို့သစ်တောဦးစီးဌာနရှိ စိမ့်စမ်းပျိုးဥယျာဉ်တွင် ပျိုးပင်များပြုစုပျိုးထောင်နေမှုအခြေအနေများအား ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး