တောင်ကြီး ဧပြီ-၂၃
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဧပြီ(၂၃)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးအတွက် ဌာနဆိုင်ရာအားလုံးက တက်ညီလက်ညီ ဆောင်ရွက်နိုင်ရန် ယခုလို အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ ပျက်စီးဆုံးရှုံးမှုများကို စာရင်းအင်းပြုစုတင်ပြကြရန် လိုပါကြောင်းနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်ရမည့် ကိစ္စရပ်များသောကြောင့် သက်ဆိုင်ရာပြည်နယ်၊ ခရိုင်မြို့နယ် ဌာနဆိုင်ရာများက ဆုံးရှုံးမှုစာရင်းများကို ပြုစုဆောင်ရွက်ပေးကြရန်နှင့် မိုင်းရှင်းလင်းရေးသည် အဓိကဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဆီဆိုင်မြို့ ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး အခမ်းအနားတက်ရောက်လာသူများမှ ဆွေးနွေးကာ အထွေထွေဆွေးနွေး၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး