တောင်ကြီး မေ-၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ် စကားပြော၊ ကိုရီးယားစကားပြော၊ စစ်တုရင်နှင့် ပန်းချီသင်တန်း ဆင်းပွဲကို မေ(၆)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (CommunitY Centre) ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လူထုအခြေပြုဗဟိုဌာန (Community Centre Taunggyi) တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နွေရာသီသင်တန်းများကို အောင်မြင်စွာ ဖွင့်လှစ်ပေး ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးဆုံး အရင်းအမြစ်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များအချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် အထူးဂုဏ်ယူ ဝမ်းမြောက်မိပါ ကြောင်း၊ ယနေ့သင်တန်းဆင်းပွဲတွင် Community Centre ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည့် အသိပညာဗဟုသုတ များ၊ သတင်းအချက်အလက်များကို အလွယ်တကူလာရောက် ရှုမှီးနိုင်သည့် နေရာတစ်ခု လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် သင်တန်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ အသိပညာပေးပြပွဲများ ဆောင်ရွက် နိုင်သည့် နေရာတစ်ခုဖြစ်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကို တွေ့ရမှာဖြစ်ကြောင်း၊ သင်တန်း ဆင်းပွဲတွင် လူငယ်များကို အထူးမှာကြားချင် တာကတော့ နွေရာသီအားလပ်ရက် ကာလများတွင် သင်ကြားသွားခဲ့သော ဘာသာရပ်များကို မေ့လျော့သွားခြင်း မရှိစေဘဲ အမြဲမပြတ် လေ့လာသင်ယူနေကြရန် မိမိကိုယ်ကိုလည်း Selt Learning အလေ့အကျင့်ရအောင် ပြုစုပျိုးထောင်ပေးကြရန်၊ နည်းပညာခေတ်ကြီးထဲတွင် လူငယ်များသည် စဥ်ဆက်မပြတ် လေ့လာ သင်ယူနေမှသာလျှင် အခြားသောနိုင်ငံများနှင့် ရင်ပေါင်တန်းပြီး လိုက်နိုင်မှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်ပြည့်ပြီး အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုနိုင်သည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် ကြိုးစားသွားကြရန် ပြောကြားသည်။
ဆက်လက်၍ နွေရာသီသင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ သင်တန်းတက်ရောက် အောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်က ပေးအပ်၍လည်းကောင်း၊ သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်များအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေမှ လက်ခံရယူကြောင်း သိရသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား စစ်တုရင်သင်တန်းတွင် ထူးချွန်ဆုရ မောင်ကြယ်စင်သန့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာကြည့်တိုက်ခန်းမအား လှည့်လည်ကြည့်ရှုပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာဖတ်ဝိုင်းကျင်းပနေမှုကို တက်ရောက်ချီးမြှင့်ပေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့