တောင်ကြီး မေ-၅
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေ(၅)ရက် နံနက်(၉)နာရီက တောင်ကြီးခရိုင် မီးသတ်စခန်း၊ တောင်ကြီး-ဟိုပုံးမြို့အထွက် (၂)မိုင်၌ ကျင်းပသည်။
(၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တိုင်းရင်းသား မိဘပြည်သူများ၏ အသက်အိုးအိမ် ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်အမျိုးမျိုးကနေ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ်အစဥ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ (၇၈)နှစ်မြောက်မီးသတ်တပ်ဖွဲ့နေ့ဖြစ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့အနေဖြင့် မီးလောင်မှုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို မီးသတ်ဦးစီးဌာန၏ Websiteစာမျက်နှာကတစ်ဆင့် Liveထုတ်လွှင့်ပြသခြင်း၊ Updateသတင်းများ တင်ပြထုတ်လွှင့်ပေးခြင်းသည် ထိရောက်သော အသိပညာပေး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည့်အတွက် ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးအောင် အသိ၊ သတိနှင့် မပေါ့ဆကြဘဲ ကြိုတင်ကာကွယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ စခန်းသာယာလှပရေး၊ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး စွမ်းရည်သရုပ်ပြသရာ ကြိုးကူးနည်းများ သရုပ်ပြသခြင်း၊ ကြိုးဆင်းနည်း၊ ဂတ်(စ်)အိုးမီးလောင်မှုအား အအေးပေးစနစ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ အထပ်မြင့်မီးလောင်မှု သရုပ်ပြသခြင်း၊ ဆေးရောင်စုံရေထည့်ပြီး စွမ်းရည်ပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မီးသတ်တပ်ဖွဲ့နှင့် ဘင်ခရာတပ်ဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်မီးသတ်တပ်ဖွဲ့မှူးနှင့် ဘခင်ရာတပ်ဖွဲ့တို့မှ အသီးသီးလက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြား၍ ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများကို ကြည့်ရှုကြကြောင်းသိရှိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် တောင်ကြီးမြို့ ကြိုးတံတားပန်းခြံ အရှေ့မြို့ပတ်လမ်းမှ ကွေ့အဆင်းနှင့် အနောက်မြို့ပတ်လမ်းမှ အတက်ကွေ့အဆင်း တိုးချဲ့ဆောင်ရွက်မည့် နေရာနှင့် ဆိုင်ကယ်၊ ကား ရပ်နားမည့် နေရာတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့