
တောင်ကြီး ဇူလိုင်-၁၂
MFF U-15 Youth League 2024-2025 Grand Final Champion Shan Southern FC အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့်၂ ၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဇူလိုင်(၁၁)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ၂၀၂၄ခုနှစ် တွင် ရန်ကုန်မြို့ ၌ ကျင်းပခဲ့သည့် MFF U-15 Youth League ဗိုလ်လုပွဲစဉ်တွင် Shan Southern FC အသင်းက ချန်ပီယံဆုဖလားကြီးကို ရယူနိုင်ခဲ့ပြီး ယခုနှစ်မှာလည်း Shan Southern FC အသင်းက ချန်ပီယံဆုဖလားကို ရရှိခဲ့ပါကြောင်း၊ ၂ နှစ် ဆက်တိုက် ချန်ပီယံဆုဖလားကို ထိုက်ထိုက်တန်တန်ရယူပေးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ အောင်မြင်မှုများဆက်လက်ရရှိနိုင်ရန်အတွက် အားကစားသမားများအနေဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်သွားကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ကြမည့် အားကစားသမားအနေဖြင့် ပြိုင်ပွဲတိုင်းတွင် သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများအတိုင်း တရားသောနည်းဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိအသင်းအောင်မြင်မှုရရှိနိုင်ရန် ယှဉ်ပြိုင်လျှင် နိုင်ရမည်ဆိုသည့်စိတ်ဓါတ်ဖြင့် ကြိုးစားယှဥ်ပြိုင်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုလိုအောင်နိုင်ရေးအလံ ပေးအပ်ခြင်းသည် ရှမ်းပြည်နယ်အတွင်းနေထိုင်ကြသည့် မိဘပြည်သူများကိုယ်စား တာဝန်ပေးအပ်ခြင်းဖြစ်၍ အလေးထားကြိုးစားကြစေလိုကြောင်း၊ ရှေ့တွင်အောင်မြင်မှုရရှိခဲ့သည့် ညီငယ်များကဲ့သို့ အားကစားဖြင့် ပြည်နယ်၏ဂုဏ်ကို မြှင့်တင်နိုင်အောင်ကြိုးစားကြရန် ပြောကြားသည်။
ထို့နောက် MFF U-15 Youth League 2024 -2025 Grand Final Champion Shan Southern FC အသင်းအုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများက ချန်ပီယံဆုဖလားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံ အပ်နှံကြပြီး ပြည်နယ်ဝန်ကြီးချုပ်က Shan Southern FC အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၁၀၀) ကိုလည်းကောင်း၊ Most Valuable Award ဆုနှင့် ဂိုးသွင်းအများဆုံးဆုရရှိသည့် Shan Southern FC အသင်းမှ အားကစားသမား မောင်ထက်မိုးယံခန့် နှင့်ဂိုးသွင်းအများဆုံးဆုရ Shan Eastern FC အသင်း (တာချီလိတ် အကယ်ဒမီ)မှ မောင်ကောင်းခန့်တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ အားကစားကို အားပေးချီးမြှင့်ကြသည့် စီးပွားရေးလုပ်ငန်းရှင် ၁၉ ဦးတို့က ရှမ်းပြည်နယ်ဘောလုံးအားကစားနည်းနှင့် ဖူဆယ်အားကစားနည်းများ အောင်နိုင်ရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်ဘောလုံးနှင့် ဖူဆယ်အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင် တို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးအသင်းမှ အားကစားသမားများ က တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က ရှမ်းပြည်နယ်အသက်(၁၈) နှစ် အောက်ဘောလုံးအသင်းကို အောင်နိုင်ရေးအလံနှင့်ချီး မြှင့်ငွေများပေးအပ်ရာ အသင်းအုပ်ချုပ်သူနည်းပြများမှ လက်ခံရယူခဲ့ကြသည်။ ယင်းနောက်ရှမ်းပြည်နယ် (၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းမှ ကိုယ်စားတစ်ဦးကပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ချန်ပီယံဆုရ Shan Southern FC အသင်းမှ ကိုယ်စားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး