တောင်ကြီး မတ်-၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး၊ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်အကြီးအကဲများနှင့်အတူ မတ်(၇)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဥ် (၂/၂၀၂၆) သို့တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လယ်ယာကုန်ထုတ်လုပ်မှုဖြင့် လူနေမှုအဆင့်အတန်း မြင့်မားရေးဆောင်ရွက်ရန် ရည်ရွယ်၍ လယ်ယာစိုက်ပျိုးမြေများ လျော့ပါးမှုမရှိစေရေးမူဝါဒများ တိတိကျကျချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကိုဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးတို့ကိုရှေ့ရှု၍ တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်စပ်ပတ်သက်သည့် ဌာန၊အဖွဲ့အစည်းအားလုံးနှင့် ချိတ်ဆက်ပြီးအောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ယခင်အစည်း အဝေးအမှတ်စဉ် (၁/၂၀၂၆) ဆုံးဖြတ်ချက်များဆောင်ရွက် ပြီးစီးမှုကို ရှင်းလင်းတင်ပြပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်း အဝေးအမှတ်စဥ်(၂/၂၀၂၆)တွင် တင်ပြချက်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနအကြီးအကဲများက ဆွေးနွေးဆုံးဖြတ်ကြကြောင်းသိရသည်။
ယင်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့