
ဟိုပုံး မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရ ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ(၁၁)ရက် မွန်းလွဲ(၂) နာရီအချိန်က သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် /ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက ဆရာတော်၊ သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့၍ တုံခမ်းကျောင်းတိုက်ဆရာတော် မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တအာလောက က ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်ဆိုင်ရာ ဩဝါဒကထာများ ချီးမြှင့် တော်မှုသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်ကျောင်းအသီးသီးမှ ဆရာတော်၊ သံဃာတော်များ အစိုးရပါဠိပထမပြန် စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပပြုလုပ်နိုင်ရေးအတွက် စာမေးပွဲဖြေဆိုကျင်းပမည့် နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာတော်၊ သံဃာတော်များအတွက် စာမေးပွဲဖြေဆိုသည့်နေ့အလိုက် စာဖြေသံဃာများအတွက် ဆွမ်း၊ ကွမ်း၊ လှူဖွယ်ဝတ္ထုများ၊ ဝေယျာဝဇ္ဇကိစ္စများ ကြိုတင်ပြင်ဆင်မည့်လုပ်ငန်းများနှင့် စူဠဘွဲ့နှင်းသင်ဘင်အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို လျှောက်ထားပြီးနောက် ဆရာတော်၊ သံဃာတော်များက လိုအပ်သည်များ လမ်းညွှန်မိန့်ကြားသည်။
ဟိုပုံးမြို့နယ်မှ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ပထမကြီးတန်း(၁၃)ပါး၊ ပထမလတ် တန်း(၂၆)ပါး၊ ပထမငယ်တန်း(၇၈)ပါး၊ အခြေပြုမူလတန်း(၂၄၀)ပါး စုစုပေါင်း(၃၅၇)ပါးကို သီရိမင်္ဂလာသာသနာ့ဗိမာန်စာဖြေဌာနတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆီဆိုင်မြို့နယ်မှ ပထမကြီး တန်း(၂)ပါး၊ ပထမလတ်တန်း(၆)ပါး၊ ပထမငယ်တန်း(၂၄)ပါး၊ အခြေပြုမူလတန်း(၈၇)ပါး စုစုပေါင်း (၁၁၉)ပါးကို ဖာလွိုင်ဗွေလွန်းကျောင်းတိုက်စာဖြေဌာနတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရ သည်။ အဆိုပါ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲတွင် စာအောင် သံဃာများအား စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီလ(၉)ရက်နေ့ သီရိမင်္ဂသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး