ဟိုပုံး မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် ကျောင်းသူကျောင်းသား စိတ်အေး ချမ်းသာစွာဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စာစစ်ဌာနကျောင်းများသို့ မတ်လ(၈)ရက် နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ဖြိုးနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး မောင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁) နှင့် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၂)တွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ ဖြေဆိုနေစဉ်ကာလအတွင်း မီးလောင်၊ မီးလန့်မှုများမဖြစ်ပေါ်စေရေး၊ မီးဘေး လုံခြုံမှုရှိစေပြီး စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန်အတွက် စာဖြေခန်းများအလိုက် ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ စာမေးပွဲခန်းများအတွင်း သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်း ရှိ/မရှိ၊ မီးဘေးလုံခြုံရေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်မီးဂတ်၊ သဲပုံးရေပုံး၊ မီးသတ်ဆေးဘူးနှင့် မီးပလပ်ခုံများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆီဆိုင်မြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ လာရောက်တည်း ခိုမည့်အစီအစဉ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ အပြင်စည်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စာဖြေ ကျောင်းသား၊ ကျောင်းသူများ၏ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် စာစစ်ဌာနတစ်ခုတည်းရှိပြီး အ.ထ.က(၁)စာစစ်ဌာနတွင် ကျောင်းသား (၁၇၄)ဦး၊ ကျောင်းသူ(၃၂၈)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၅၀၂)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ပြီး ဆီဆိုင်မြို့နယ်မှ စာစစ်ဌာန(၄)ခုဖြစ်သည့် အ.ထ.က (ဆီဆိုင်)၊ အ.ထ.က (ဘန်းယဉ်)၊ အ.ထ.က(ဆိုက်ခေါင်)နှင့် အ.ထ.က(ထမ့်ယမ်း) စာစစ်ဌာနတို့မှ ကျောင်းသား(၁၂၈)ဦး၊ ကျောင်းသူ(၂၆၃)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၉၁)ဦးတို့အား ဟိုပုံးမြို့ အ.ထ.က(၂) စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီးကြောင်းသိရသည်။ အဆိုပါစာမေးပွဲကို မတ်လ(၁၁)ရက် နေ့မှ မတ်လ(၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး